မြစ်ကြီးနား သြဂုတ် ၁
ကချင်ပြည်နယ်၏ အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေး၊ အောင်မြင်မှုများရရှိရေး၊ လူငယ်မျိုးဆက်သစ်ကစားသမားများမွေးထုတ်နိုင်ရေး၊ ပံ့ပိုးကူညီမှုများတိုးမြှင့်ပေးနိုင်ရေးအတွက် ယနေ့ နံနက်(၁၀)နာရီခွဲက ပြည်နယ်အား ကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့် အား ကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးက ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယခုအခါ အားကစားကဏ္ဍတိုးတက်မြင့်မားရေး၊ အားကစားနည်းအလိုက် ပံ့ပိုးကူညီမှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရေး၊ ဆပ်ကော်မတီများအနေဖြင့် လိုအပ်ချက်၊ အခက်အခဲများကို ပွင့်လင်းစွာတင်ပြကြရေးနှင့် အနာဂတ်ပြည်နယ်၏ အားကစားအဆင့်အတန်းမြင့်မားရေးကို အားလုံးက ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရေး၊ လက်ရှိဆပ်ကော်မတီတာဝန်ရှိသူများအနေဖြင့်လည်း မိမိတို့ဝါသနာပါရာ အားကစားတွင် ရင်းနှီးမြှုပ်နှံ၍ စေတနာဆောင်ရွက်ပေးခြင်းကို ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသီဟအောင်က တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့မှုနှင့် ဆက်လက်ယှဉ်ပြိုင်သွားမည့် အားကစားအစီအစဉ်များ၊ အားကစားကဏ္ဍတိုးတက်မြင့်မားရေးအတွက် ရည်မှန်းချက်ထား ဆောင်ရွက်သွားမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများက ဆပ်ကော်မတီအလိုက် ပြိုင်ပွဲများယှဉ်ပြိုင်ခဲ့မှု၊ ဆုတံဆိပ်များရရှိခဲ့မှု၊ လူငယ်ကစားသမားများ ရွေးချယ်လေ့ကျင့်နေမှုနှင့် အခက်အခဲများ၊ လိုအပ်ချက်များ၊ ပြည်နယ်အစိုးရအဖွဲ့က ပေါင်းစပ်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးနှင့် ပြည်နယ်ဦးစီးမှူးတို့က ဆပ်ကော်မတီအချို့ ပြင်ဆင်ဖွဲ့စည်းနိုင်ရေး၊ မျိုးဆက်သစ်လူငယ်ကစားများ စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရေး၊ တိုင်းဒေသကြီး/ ပြည်နယ်ပြိုင်ပွဲများတွင် ဆုတံဆပ်များတိုးမြှင့်ရရှိရေး၊ လေ့ကျင့်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရေးနှင့် လိုအပ်သည်များ အစိုးရအဖွဲ့က ပံ့ပိုးပေးနိုင်ရေးတို့ကို ညှိနှိုင်းပေါင်းစပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
