မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကမ်းဘေး၌ ညနေခင်းဈေး (Night Market) ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်၊ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ကြုံတွေ့လာနိုင်သည့် သဘာဝဘေးအန္တရာယ် ဆိုင်ရာများအား အသိပညာပေးဆွေးနွေး၊ ပလနကျေးရွာအုပ်စုအတွင်း မွေးမြူရေးလုပ်ငန်းများ စတင်တိုးချဲ့မွေးမြူနိုင်ရေးနှင့် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် ရန်ပုံငွေများ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား အောက်တိုဘာ ၁၄
          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ သီတာရပ်ကွက်၊ လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော်ဆိပ်ကမ်းမှ စီတာပူရပ်ကွက်အတွင်းရှိ ဧရာဝတီရှုခင်းသာအပန်းဖြေစခန်းနေရာအထိ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက် မြေဧရိယာ ၉ ဧကကျော်ပေါ်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့က ညနေခင်းဈေး (Night Market) ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက်ပိုင်းက အဆိုပါညနေဈေးဖွင့်လှစ်နိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စီတာပူရပ်ကွက် မနောကွင်းအရှေ့ဘက်ရှိ ဧရာဝတီရှုခင်းသာအပန်းဖြေစခန်းနေရာသို့ သွားရောက်ပြီး ဧရာဝတီရှုခင်းသာ အပန်းဖြေစခန်းနေရာအား သာယာလှပအောင် စတင်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ကမ်းနားလမ်းတစ်လျှောက် နေကြာဆက်လက်စိုက်ပျိုးနိုင်ရေးနှင့် ကမ်းနားလမ်းမှတစ်ဆင့် Myitkyina Night Market ညနေခင်းဈေး ဆောင်ရွက်သွားမည့် မြစ်ကမ်းဘေးမြေနေရာအား ကြည့်ရှုစစ်ဆေးကြသည်။
          အဆိုပါ Myitkyina Night Market ညနေခင်းဈေးအား မြစ်ကမ်းဘေးတစ်လျှောက်မြေဧရိယာအတွင်း မြန်မာ့ရိုးရာ၊ ကချင်နှင့် ရှမ်းရိုးရာမုန့်နှင့် စားသောက်ဆိုင်ပေါင်း (၃၀)ကျော် လျာထားနေရာချထားမှု၊ စားသောက်ဆိုင်များအပြင် ကလေးကစားကွင်းပါ ထည့်သွင်းသတ်မှတ်နေရာချထားသွားမည့် အစီအစဉ်များ၊ ယာဉ်ရပ်နားကွင်းနေရာများအတွက် လျာထားသတ်မှတ်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး၏ ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မြေဧရိယာတစ်ခုလုံးရှင်းလင်းရေးလုပ်ငန်းများနှင့် ရေ၊ မီးရရှိရေးအတွက် အခြေခံလုပ်ငန်းများ စတင်ဆောင်ရွက်ရွက်နိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ကမ်းနားလမ်း ကိုယ်ထူကိုယ် ထဆောင်ရွက်သွားမည့် အစီအစဉ်များကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
          ထို့နောက် ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များ၊ အသင်းအဖွဲ့အသီးသီးနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူ(၅၄၀)တို့အား အယ်လ်နီညိုဖြစ်စဉ်ကြောင့် ကြုံတွေ့လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအား ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဆွေးနွေးဟော ပြောပွဲအား ကျင်းပပြုလုပ်သည်။
          ဟောပြောပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်သူများအနေဖြင့် အယ်လ်နီညိုဖြစ်စဉ်၏ သဘော သဘာဝနှင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို ကြိုတင်သိရှိနားလည်ထားရန်လိုအပ်ပြီး ကျန်းမာရေးနှင့် လူမှုစီးပွားရေး လုပ်ငန်းများအပေါ် ထိခိုက် သက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းများကို ရင်ဆိုင်ရာတွင် ဘေးအန္တရာယ်ဖြစ်ပွားပြီးမှ တုံ့ပြန်ဆောင်ရွက်ခြင်းထက် ကြိုတင်သိရှိနည်းလည်၍ ကြိုတင်ပြင်ဆင်မှုများ ပူးပေါင်းဆောင်ရွက်ခြင်းသည် အဓိကအရေးကြီးပါကြောင်း ရှင်းလင်းပြောကြားသည်။
         ဆက်လက်၍ အယ်လိနီညိုဖြစ်စဉ်ကြောင့် ကြုံတွေ့လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်လှကေသီမာက အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူးဒေါက်တာဇော်ရိန်က ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုဖြစ်စဉ်များနှင့် ကြိုတင်သိရှိလိုက်နာ ဂရုစိုက်နေထိုင်ရမည့် ကိစ္စရပ်များကိုလည်းကောင်း၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်အောင်မိုးက အယ်လ်နီညိုကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများအပေါ် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကိုလည်းကောင်း၊ ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ခိုင်က အယ်လ်နီညိုဖြစ်စဉ်ဖြစ်ရပ်များအပေါ် ကြိုတင်သိရှိနိုင်မည့် နည်းလမ်းများနှင့် အလေးထားစောင့်ကြည့်ရမည့် သတင်းထုတ်ပြန်ချက်များကို လည်း ကောင်း အသီးသီးအသိပညာပေးဆွေးနွေးဟောပြောကြရာ တက်ရောက်လာကြသူများသူများ သိလိုသည်များ မေးမြန်း ဆွေးနွေးမှုအပေါ် သက်ဆိုင်ရာဌာနများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပြီး ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်းက နိဂုံးချုပ်ဆွေးနွေးပြောကြားသည်။
          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ မြစ်ကြီးနားမြို့ ပလနကျေးရွာအုပ်စုအတွင်း ငွေပျော်စံပြကျေးရွာအနီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများပေါ်တွင် ဒေသတွင်း အသား/ ငါးစားသုံးမှုဖူလုံမှုရှိစေရေးနှင့် ဈေးနှုန်းသက်သာစေရေးအတွက် ဒေသတွင်း၌သာ မွေးမြူထုတ်လုပ်ရောင်းချနိုင်ရေး အသားတိုးကြက်၊ ဝက်၊ နွားနှင့် ငါးမွေးမြူရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များအား လုပ်ထုံးလုပ်နည်းနှင့်အညီ မြေနေရာချထားပေးပြီး မွေးမြူဇုံအငယ်အဖြစ်အကောင် အထည်ဖော်နိုင်ရေး မြေနေရာချထားမှု အခြေအနေများနှင့် မွေးမြူ ဆောင်ရွက်သွားမည့် အစီအစဉ်များကို စတင်နိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြကာ အဆိုပါ မြေဧရိယာအတွင်း ကြက်မွေးမြူရေးလုပ်ကိုင်ဆောင်ရွက်နေသည့် ပိုင်ရှင်ဦးသိန်းဟန်၏ အသားတိုး ကြက်မွေးမြူရေးခြံအတွင်း အသားတိုးကြက်များ မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးကြသည်။
           ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင်တန်း Grade-12 နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။
          ဆက်လက်၍ ပြည်နယ်ပညာရေးမှူးက ယခင်နှစ် Grade-12 နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ဖြေဆိုအောင်မြင်မှု အခြေအနေများ၊ ယခု ပညာသင်နှစ်အတွက် စခန်းသွင်းသင်ကြားပေးသွားမည့် အစီအစဉ်များနှင့် အောင်ချက်မြင့်မားရေးအစီအမံများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ မြစ်ကြီးနားတက္ကသိုလ် ခေတ္တပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက အောင်ချက်မြင့်မားရေးအတွက် ခရိုင်အလိုက် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ တက္ကသိုလ်မှ ဆရာ/ဆရာမများနှင့် လေ့ကျင့်သင်ကြားသွားမည့် အစီအစဉ်များကို အသီးသီးရှင်းလင်းတင်ပြသည်။
          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် မြစ်ကြီးနားခရိုင်နှင့် မိုးညှင်းခရိုင်အတွက် မတည်ရန်ပုံငွေကျပ်သိန်း ၂၀၀ စီဖြင့် စုစုပေါင်းငွေကျပ် သိန်း ၄၀၀ ကို ပေးအပ်ခဲ့ကာ အောင်ချက်မြင့်မားရေးလုပ်ငန်းအစီအစဉ်များအတိုင်း စနစ်တကျဆောင်ရွက်နိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကြောင်း သိရသည်။