ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး လွယ်ဂျယ်နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာ-တရုတ်နယ်စပ်ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်ချောမွေ့စေရေး ခရိုင်အဆင့်တာဝန်ရှိသူများနှင့်ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး လွယ်ဂျယ်နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာ-တရုတ်နယ်စပ်ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်ချောမွေ့စေရေး  ခရိုင်အဆင့်တာဝန်ရှိသူများနှင့်ညှိနှိုင်းဆွေးနွေး

ဗန်းမော်     ဧပြီ      ၂၂


          ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ဗန်းမော်ခရိုင်၊ လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများ လွယ်ကူလျင်မြန်ချောမွေ့စေရေး အတွက် စီမံဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍  ဧပြီ ၂၂ ရက် နံနက် ၉ နာရီက ဗန်းမော်မြို့ မြသီတာဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ ခရိုင်တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။
           ထိုသို့ ဆွေးနွေးရာတွင် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး  ဦးကျော်မင်းခိုင်က လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းကို ကိုဗစ်-၁၉ ‌ကပ်ရောဂါကြောင့်  အချိန်ကြာမြင့်စွာ ရပ်နားထားခဲ့ရာမှ ယခုအချိန်တွင် လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နေပြီဖြစ်သည့်အတွက် နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးထားသည့်အတိုင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်‌ပြီး လုပ်ငန်းများ အရှိန်အဟုန် မပျက်ဆောင်ရွက်နိုင်ရေး အလေးထားလုပ်ဆောင်သွားရေး၊ ထို့အပြင် ကုန်စည်စီးဆင်းမှုမပြတ် စေရေး၊ ယခုထက် ပိုမိုလွယ်ကူမြန်ဆန်စွာ ပို့ကုန်၊သွင်းကုန်များ တင်ပို့/တင်သွင်းပြုလုပ်နိုင်ရေး တာဝန်ရှိသူများအားလုံးက ဝိုင်းဝန်းကြိုးပမ်း‌ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။
          ယင်းနောက် ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခင်မောင်လွင်၊ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်း တာဝန်ခံ ဦးမြင့်ဇော်မိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ခရိုင်သီးနှံစိုက်ပျိုး ထုတ်လုပ်သူများအသင်းဥက္ကဋ္ဌတို့က လွယ်ဂျယ်နယ်စပ်ဂိတ်ပြန်လည်ဖွင့်လှစ်၍ ကုန်သွယ်ရေး လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေး ကော်မတီဖွဲ့စည်း၍ ညှိနှိုင်းကြိုးပမ်း ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၇ ရက်နေ့မှ ဧပြီလ ၂၀ ရက်နေ့အထိ လွယ်ဂျယ်-လိုင်းရင်းဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။    

ဆက်လက်၍ လွယ်ဂျယ်မြို့ မင်္ဂလာလွယ်ဂျယ်ကားကြီးကွင်းအသစ် တည်ဆောက်သွားမည့် အစီအစဉ်များ၊ စိုက်ပျိုးရေးထုတ်ကုန်များ တင်ပို့ရာတွင် တွေ့ကြုံရသည့်အခက်အခဲများ၊ ညှိနှိုင်း ဆောင်ရွက်ပေးရမည့် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်ချက် များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။