ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဗန်းမော်ခရိုင်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးလုပ်ငန်း ညှိနှိုင်းခြင်းနှင့် ခရိုင်အတွင်းရှိ IDP Camps တာဝန်ခံများနှင့် တွေ့ဆုံ၍ ထောက်ပံ့ငွေများပေးအပ်

 ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဗန်းမော်ခရိုင်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးလုပ်ငန်း ညှိနှိုင်းခြင်းနှင့် ခရိုင်အတွင်းရှိ IDP Camps တာဝန်ခံများနှင့် တွေ့ဆုံ၍ ထောက်ပံ့ငွေများပေးအပ်

ဗန်းမော်     ဧပြီ      ၂၀

          ကချင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးကျော်မင်းခိုင်သည် ဗန်းမော်ခရိုင်အတွင်း၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းခြင်းနှင့် နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၀ ရက် နံနက် ၉ နာရီက ဗန်းမော်မြို့ မြသီတာဧည့်ရိပ်သာအစည်းအဝေးခန်းမ၌ သက်ဆိုင်ရာ ခရိုင်၊မြို့နယ် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

          ရှေးဦးစွာ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးကျော်မင်းခိုင်က ဗန်းမော်ခရိုင် အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် သက်ဆိုင်ရာခရိုင်နှင့်မြို့နယ် တာဝန်ရှိသူ များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီများ၊ လူမှုရေး အသင်းအဖွဲ့တို့နှင့် ပူးပေါင်း၍ ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားကြရန် အမှာစကားပြောကြားပြီး ဗန်းမော်၊မံစီ၊မိုးမောက်မြို့နယ်တို့မှ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌတို့က မိမိတို့မြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးနေမှုအခြေအနေ များနှင့် ကျန်ရှိနေသည့် ကျေးရွာအုပ်စုများသို့ ကာကွယ်ဆေးဆက်လက်ထိုးနှံပေးသွားမည့် အစီအစဉ် များကို အသီးသီးတင်ပြကြသည်။ ယင်းနောက် ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခင်မောင်လွင်က ဗန်းမော်ခရိုင်အတွင်း၌ ကာကွယ်ထိုးနှံရန် အကျုံးဝင်သူဦးရေ၏ ၆၀ ရာခိုင်နှုန်း ထိုးနှံပေးပြီးကြောင်းနှင့် ကာကွယ်ဆေးထိုးနှံကျန်ရှိနေမှုများကို ဆက်လက်ထိုးနှံသွားမည့် လုပ်ငန်းစီမံချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် ဗန်းမော်ခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီများက ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်သွားမည့် အစီအစဉ်များကို ဆွေးနွေးတင်ပြခဲ့ကြကာ လိုအပ်သည်များကို ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

          ကချင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးကျော်မင်းခိုင်သည် ဗန်းမော်ခရိုင်အတွင်း၌ နေကြာသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အဆိုပါအစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ ဝန်ကြီးက ဗန်းမော်ခရိုင်၌ ဆီဖူလုံမှုရှိသော်လည်း အချို့မြို့နယ်များတွင် ဆီဖူလုံမှုမရှိကြောင်း၊ ကျန်းမာရေးနှင့်ကိုက်ညီမှုရှိသော ဆီထွက်နေကြာ သီးနှံကို တိုးချဲ့စိုက်ပျိုးရန် လိုအပ်ပါကြောင်း၊ ဗန်းမော်ခရိုင်အတွင်း၌ မြေပဲ၊နှမ်း၊ ဆီမုန့်ညှင်းများ စိုက်ပျိုးသည့်အပြင် နေကြာသီးနှံတိုးချဲ့စိုက်ပျိုးခြင်းအားဖြင့် ပြည်တွင်းစားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်း၊ ပြည်ပမှ စားအုန်းဆီတင်သွင်းမှုကို လျော့ချနိုင်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော နေကြာဆီစစ်စစ်ကို ထုတ်လုပ်ရောင်းချနိုင်ခြင်း၊ နေကြာသီးနှံကို သီးထပ်သီးညှပ် စိုက်ပျိုးခြင်းဖြင့် နိုင်ငံတော်၏ GDP တိုးတက်လာစေကြောင်းနှင့် တောင်သူများအား အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာပြီး ဝင်ငွေတိုးတက်လာမည်ဖြစ်ကြောင်း အမှာစကားပြောပြီး ဗန်းမော်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်မြင့်က ဗန်းမော်ခရိုင်အတွင်း၌ နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေးလုပ်ငန်းစီမံချက်များကို လည်းကောင်း၊ ရွှေကူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှိုင်မင်းဦးက ရွှေကူမြို့နယ်၌ နေကြာ နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေး ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များကို လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကာ လိုသည်များကို ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဝန်ကြီးက ဗန်းမော်မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ရာနှုန်းပြည့်ထိုးနှံရေးအတွက် ဗန်းမော်မြို့နယ်ရှိ ပရဟိတ အဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများနှင့် တွေ့ဆုံကာ ကာကွယ်ဆေးဆက်လက်ထိုးသွားမည့်လုပ်ငန်းများကို ဝိုင်းဝန်းကူညီဆောင်ရွက်မည့် အစီအစဉ်များ ဆွေးနွေးခဲ့ကြသည်။

           တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးကျော်မင်းခိုင်သည် ဗန်းမော်မြို့ စုပေါင်းရုံးရှိ အစည်းအဝေးခန်းမ၌ မွန်းလွှဲ ၁ နာရီက ဗန်းမော်ခရိုင်အတွင်းရှိ IDP Camps တာဝန်ခံများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး တက်ရောက်လာသည့် IDP Camps တာဝန်ခံများက မိမိတို့၏ လိုအပ်ချက်များကို အသီးသီးတင်ပြကြကာ ဝန်ကြီးက ပြန်လည်ပေါင်းစပ်ညှိနှိုင်းပြောကြားခဲ့သည်။ ယင်းနောက် ဝန်ကြီးနှင့် ခရိုင်အဆင့်တာဝန်ရှိသူတို့က ဗန်းမော်မြို့ရှိ ရောဘတ် IDP Camps အတွက်ထောက်ပံ့ငွေကျပ်(၅)သိန်း၊ AD-2000 IDP Camps အတွက်ထောက်ပံ့ငွေကျပ်(၃)သိန်း၊ လီဆူ IDP Camps ၊ ဖန်းခါးကုန်း IDP Camps နှင့် ထွယ်ဆန် IDP Camps အတွက်ထောက်ပံ့ ငွေကျပ်(၂)သိန်းစီတို့ကို လည်းကောင်း၊ မံစီမြို့နယ်ရှိ နှစ်ခြင်း IDP Camps အတွက် ထောက်ပံ့ငွေ ကျပ်(၂)သိန်း၊ မိုးမောက်မြို့နယ်ရှိ နှစ်ခြင်း IDP Camps အတွက်ထောက်ပံ့ငွေကျပ်(၃)သိန်းနှင့် ကက်သလစ် IDP Camps အတွက်ထောက်ပံ့ငွေကျပ်(၂)သိန်း၊ ရွှေကူမြို့နယ်ရှိ IDP Camps အတွက်ထောက်ပံ့ငွေကျပ်(၂)သိန်း စုစုပေါင်း ထောက်ပံ့ငွေကျပ်(၂၃)သိန်းကို အသီးသီး ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။