ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် စိုက်ပျိုးရေးသိပ္ပံ (မြစ်ကြီးနား)၏ စတုတ္ထအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာ အပ်နှင်းပွဲသို့တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် စိုက်ပျိုးရေးသိပ္ပံ (မြစ်ကြီးနား)၏ စတုတ္ထအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာ အပ်နှင်းပွဲသို့တက်ရောက်

မြစ်ကြီးနား မတ် ၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုး‌ရေးဦးစီးဌာန၊ စိုက်ပျိုးရေးသိပ္ပံ (မြစ်ကြီးနား)၏ စတုတ္ထအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲအား မတ်လ ၆ ရက်နေ့ နံနက် ၉နာရီခွဲ အချိန်က မြစ်ကြီးနားမြို့ ၊ပမ္မတီးရပ်ကွက် အဆိုပါကျောင်းရှိ ဧရာမြစ်ဆုံခန်းမတွင် ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများ ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များ တက်ရောက် သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က “မိမိတို့ ကချင်ပြည်နယ်သည် မြေပေါ် မြေအောက် သယံဇာတများ ပြည့်စုံကုံလုံနေရုံသာမကဘဲ တိုးချဲ့စိုက်ပျိုးရန် မြေလွတ် မြေလပ်များ ရှိနေသေးခြင်း၊ မြေဆီ၊မြေနှစ်ကောင်းမွန်ခြင်း အစရှိသည့် သဘာဝ အားသာချက်များရှိသည့်အတွက် အလယ်အလတ် အဆင့် စိုက်ပျိုးရေးပညာရှင်များဖြစ်တဲ့ ကျောင်းဆင်းမောင်မယ်တို့အနေနဲ့ ‌စျေးကွက် လိုအပ်ချက်နှင့် ကိုက်ညီသောသီးနှံများ ပိုမိုထုတ်လုပ်နိုင်ရေး၊ တောင်သူ လယ်သမားများရဲ့ လူမှုဘဝမြင့်မားစေရေး အတွက် ခေတ်မီစိုက်ပျိုးနည်းပညာများ ကျွမ်းကျင်စွာ တက်မြောက် စွမ်းဆောင်နိုင်မည့် လူသားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်‌စေရေး အတွက် တတ်စွမ်းသမျှ ကြိုးစား ဆောင်ရွက်သွားကြရန်” လိုအပ်ကြောင်း တိုက်တွန်းအမှာစကားပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးသိပ္ပံ ကျောင်းအုပ်ကြီး ဦးမျိုးသန့်က ကျောင်းဆင်းမောင်မယ်များအား ကျောင်းဆင်း ကတိကဝတ် များအား ကတိပြုဖြေကြားစေပြီး၊ ဒီပလိုမာလက်မှတ်များအား အပ်နှင်း ပေးအပ်ရာ အခမ်းအနားသို့တက်ရောက် ကျောင်းသား/သူ (၂၄)ဦး နှင့်အ‌ဝေးရောက် ကျောင်းသား/သူ(၁၁) ဦး စုစုပေါင်း (၃၅)ဦးတို့က လက်ခံရယူပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်က ပညာသင်နှစ်အတွင်း ပထမနှစ်မှ နောက်ဆုံး နှစ်အထိ တန်းစဥ်ပေါင်းတွင် ဆုရရှိသည့် ထူးချွန် ကျောင်းသား/သူများအား ငွေသားဆုများအား ပေးအပ် ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ်ကြီး ဦးမျိုးသန့်က ဒီပလိုမာ အပ်နှင်းပွဲ မိန့်ခွန်းအား ပြောကြားရာ တွင် “ကချင်ပြည်နယ်နှင့် နိုင်ငံတော်ရဲ့လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အားကိုး အားထား ပြုကြရမယ့် စိုက်ပျိုးရေးသိပ္ပံကျောင်းဆင်းမောင်မယ်များအနေဖြင့် မိမိတို့လေ့ကျင့် သင်ယူ ရမည့် စိုက်ပျိုး‌ရေးဘာသာရပ်ဆိုင်ရာ သင်တန်းများကို အပတ်တကုတ် စာတွေ့လက်တွေ့ သင်ယူခဲ့ပြီး ဖြစ်တာကြောင့် ‌ဒေသအတွက် ၊နိုင်ငံတော်အတွက် အားကိုးအားထား ယုံကြည်ရလောက်သော စိုက်ပျိုးရေး ပညာရှင်များ ၊စိုက်ပျိုး‌ရေးဆိုင်ရာလုပ်ငန်းရှင်များ၊ မျိုးဆက်သစ်ခေါင်းဆောင်များအဖြစ် ကြိုးပမ်း ဆောင်ရွက်သွားကြရန်” အမှာစကားပြောကြားခဲ့သည်။

၄င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ ၊ကျောင်းအုပ်ကြီးနှင့်စီ မံခန့်ခွဲရေး အဖွဲ့ဝင်များ ၊ပညာ‌ရေးအဖွဲ့ဝင်များက ကျောင်းဆင်းမောင်မယ်များနှင့် အတူတကွ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။