ကချင်ပြည်နယ်ဝန်ကြီးချုပ် အသစ်ခန့်အပ်ထားသည့် ပြည်သူ့ကျန်းမာရေး ကြီးကြပ်-၂ ဝန်ထမ်းများ သင်တန်းဆင်းပွဲနှင့် ပြည်နယ်အစိုးရအဖွဲ့သို့ ကွန်ပျူတာများ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် အသစ်ခန့်အပ်ထားသည့် ပြည်သူ့ကျန်းမာရေး ကြီးကြပ်-၂  ဝန်ထမ်းများ သင်တန်းဆင်းပွဲနှင့် ပြည်နယ်အစိုးရအဖွဲ့သို့ ကွန်ပျူတာများ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်

မြစ်ကြီးနား     ဧပြီ ၂၉

          ကချင်ပြည်နယ်အတွင်း ကျန်းမာရေးဝန်ကြီးဌာနက အသစ်ခန့်အပ်ထားသည့် ပြည်သူ့ ကျန်းမာရေးကြီးကြပ်-၂  ဝန်ထမ်း(၁၀၀)ဦးတို့အား လုပ်ငန်းခွင်သင်တန်းအဖြစ် ဖေဖော်ဝါရီလမှ စတင်၍ ၃ လကြာ ဖွင့်လှစ်ပို့ချပေးခဲ့ပြီ သင်တန်းဆင်းပွဲကို ဧပြီ ၂၉ ရက် နံနက် ၈ နာရီက ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက် အမှာစကားပြောကြားသည်။

          သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား ဝန်ထမ်းအသစ်များအနေဖြင့် ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများပီပီ မိမိနိုင်ငံ၊ မိမိလူမျိုးများ၏ အကျိုးအတွက် စိတ်စေတနာ ထက်သန်စွာဖြင့် တာဝန်ကိုလိုလားစွာ ထမ်းဆောင်ကြရန်၊ စာတွေ့(၃)လ ၊လက်တွေ့(၃)လ သင်ကြားပေးမှာဖြစ်သည့်အတွက် သင်တန်းပြီးဆုံးချိန်တွင် တာဝန်ကျရာဒေသရှိ ပြည်သူများအတွက် ကောင်းမွန်စွာအလုပ်အကျွေး ပြုကြရန် နိုင်ငံတော်နှင့်ပြည်သူ့အကျိုးကို ဦးထိပ်ပန်ဆင်ဆောင်ရွက်နိုင်ကြသည့် ဝန်ထမ်းကောင်း၊ ဝန်ထမ်း မြတ်များအဖြစ်  ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

          ဆက်လက်၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဒေါက်တာတင့်နိုင် က ဝန်ကြီးဌာနမှ ကချင်ပြည်နယ်အတွက် ဝန်ထမ်းသစ်များ ခန့်ထားခွင့်ပေးခဲ့သည့် အခြေအနေ များ၊ ဝန်ထမ်းသစ် (၁၀၀)ဦးတို့အား တစ်ကြိမ်လျှင် သင်တန်းသား (၅၀)ဦးစီခွဲ၍ သင်တန်း နှစ်ကြိမ် ဖွင့်လှစ်ပို့ချသွားရန် စီစဉ်ဆောင်ရွက်ခဲ့မှုများ၊ ဝန်ထမ်းသစ်များအား ရပ်ကွက်/ ကျေးရွာများတွင် တာဝန်ပေးအပ်သွားမည့် အစီအမံများနှင့် ဝန်ထမ်းသစ်များအနေဖြင့် တာဝန်ကျရာနယ်မြေ များတွင် ကြိုးစားသင်ယူရမည့် ပညာရပ်များ၊ တာဝန်ထမ်းဆောင်ရန်နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့သည့် ထူးချွန်ဝန်ထမ်းများအား ဂုဏ်ပြုဆုတံဆိပ်များ၊ သင်တန်းသား/ သင်တန်းသူအားလုံးအတွက် သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းသားများအတွက် ခရီးစရိတ်ထောက်ပံ့ငွေကျပ် ၁၄ သိန်း ကို ထောက်ပံ့ပေးအပ်ရာ သင်တန်းသားကလက်ခံရယူပြီ သင်တန်းသားများကိုယ်စား သင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ အလှူရှင်များက ရုံးသုံးကွန်ပျူတာများ ပေးအပ်လှူဒါန်းပွဲသို တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုး ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရုံးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် အဓိကကျသည့် လူသားအရင်းအမြစ်လိုအပ်ချက်သာမက လုပ်ငန်းများလွယ်ကူမြန်ဆန်စွာဆောင် ရွက်နိုင်ရေးအတွက် ယခုလိုအထောက်အကူပြုပစ္စည်းများဖြစ်သည့်ကွန်ပျူတာများကို လာရောက် လှူဒါန်းကြသည့် အလှူရှင်များအား မိမိတို့အစိုးရအဖွဲ့အနေဖြင့် မှတ်တမ်းတင်ဝမ်းမြောက်ဂုဏ်ယူ ပါကြောင်း ကျေးဇူးတင်စကားပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည်အလှူရှင်များဖြစ်သည့် ချန်းရှိချင်းယန့်ကုမ္ပဏီမှ ကွန်ပျူတာ အလုံး (၃၀)စုံနှင့် မန်းပြည်တံခွန်ကုမ္ပဏီက လှူဒါန်းသည့် ကွန်ပျူတာ(၁၀)စုံ၊ စုစုပေါင်းကွန်ပျူတာ အလုံး(၄၀)စုံ တို့အား တာဝန်ရှိသူများ၏ ပေးအပ်လှူဒါန်းမှုကို လက်ခံရယူပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။