ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဒေသခံစီးပွားရေးလုပ်ငန်းရှင် များက ကြီးမှူးကျင်းပသည့် မနောလိဂ်အမှတ်ပေးဖလားဘောလုံးပြိုင်ပွဲ (၂၀၂၂) အား တက်ရောက်ဖွင့်လှစ်ပေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဒေသခံစီးပွားရေးလုပ်ငန်းရှင် များက ကြီးမှူးကျင်းပသည့် မနောလိဂ်အမှတ်ပေးဖလားဘောလုံးပြိုင်ပွဲ (၂၀၂၂) အား တက်ရောက်ဖွင့်လှစ်ပေး

မြစ်ကြီးနား     မေ ၃

          ကချင်ပြည်နယ်အတွင်းရှိ ဒေသခံစီးပွား‌ရေးလုပ်ငန်းရှင်များက ကြီးမှူးကျင်းပသည့် ပြည်နယ် ၏ဘောလုံးအားကစားသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ဘောလုံးအသင်း ၁၂ သင်းပါဝင်ယှဉ်ပြိုင် ကြမည့် အမှတ်ပေးလိဂ်ဖလား မနောလိဂ်အမျိုးသားဘောလုံးပြိုင်ပွဲ (၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကို မေ ၂ ရက် ညနေ ၃ နာရီတွင် ပြည်နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ကချင်တိုင်းရင်းသား တေးသံရှင်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပေးကြသည်။

          ထို့နောက် ဖွင့်ပွဲအဖြစ် နှစ်ခြင်းခရစ်ယာန်ဓမ္မဆရာတစ်ဦးက ဆုတောင်းဆက်ကပ်အပ်နှံပေး ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်းရှိ ဘောလုံးဝါသနာရှင်များအချင်းချင်း ချစ်ကြည်ပူးပေါင်းမှုရရှိစေရန်၊ လူငယ်လူရွယ်ဘောလုံးအားကစားသမားများ ကျန်းမာကြံ့ခိုင်မှုများ ရရှိ လာစေရန်၊ ဘောလုံးအားကစားကို ချစ်မြတ်နိုးစိတ်မှတစ်ဆင့် မျိုးချစ်စိတ်ဓာတ်များ ပိုမိုတိုးပွား ထက်သန်လာစေရေးအတွက် ယခုလို ကျင်းပပြုလုပ်ပေးကြသည့် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ နှင့်တာဝန်ရှိသူများအားလုံးကို မှတ်တမ်းတင်ဂုဏ်ယူပါကြောင်း၊ ထို့အပြင် ယခုလို တက်ညီလက်ညီ ဖြင့် ပူးပေါင်းဆောင်ရွက်ကြသည့်အတွက် ပြည်နယ်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မား လာမည်ဟု အခိုင်အမာယုံကြည်ပါကြောင်း တိုက်တွန်းပြောကြားသည်။

           ယင်းနောက် အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားကြမည့် ထိန်လင်း FC နှင့် Real Kachin FC တို့မှ အသင်းနည်းပြ/အုပ်ချုပ်သူများနှင့်အသင်းသားများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးခဲ့ကြပြီး ဘောလုံးယှဉ်ပြိုင်မှုကို ဒေသခံပြည်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြရာ ထိန်လင်း FC အသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသည်။ ဆက်လက်၍ ပြည်နယ်စီးပွားရေးရာဝန်ကြီးက ပြိုင်ပွဲအတွင်း အကောင်းဆုံးအားကစားသမားဆုကို ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်ခဲ့သည်။

          အဆိုပါ မနောလိဂ်အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီအဖွဲ့ဝင်များ၊ ဘော လုံးအားကစားဝါသနာရှင်များနှင့် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များက ပူးပေါင်း၍ လူငယ်လူငယ်များ ၏အားကစားကဏ္ဍတိုးတက်လာစေရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး လိဂ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့် ဖွဲ့စည်းကျင်းပခဲ့ကာ ပထမဆုငွေကျပ်သိန်း (၅၀)အပါအဝင် ပြိုင်ပွဲတိုင်းအား အဆင့် လိုက် ဆုကြေးငွေများပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။