ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင် (၄)မှတ်တမ်းပါ အချက်အလက်များအား ကွန်ပျူတာစနစ်ဖြင့် Data Base ရေးသွင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ငွေကျပ်သိန်း(၁၅၀၀)ကျော်တန်ဖိုးရှိ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများနှင့် လူနာယာဉ်(၁)စီး လှူဒါန်းပွဲသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင် (၄)မှတ်တမ်းပါ အချက်အလက်များအား ကွန်ပျူတာစနစ်ဖြင့် Data Base ရေးသွင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ငွေကျပ်သိန်း(၁၅၀၀)ကျော်တန်ဖိုးရှိ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများနှင့် လူနာယာဉ်(၁)စီး လှူဒါန်းပွဲသို့ တက်ရောက်

မြစ်ကြီးနား     မေ ၅

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကချင်ပြည်နယ်ရုံး၏ ကြီးကြပ်မှုဖြင့် နိုင်(၄)မှတ်တမ်းပါ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် အချက်အလက်များအား Excel Software ဖြင့် Data Base ရေးသွင်းခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိရာ မေ ၄ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့၌ ဝန်ထမ်းများ စုဖွဲ့ဆောင်ရွက်လျက်ရှိသည့် နေရာများသို့ လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

          ထိုသို့လုပ်ငန်းဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မြစ်ကြီးနားမြို့နယ်ဦးစီးမှူးရုံးဟောင်း၌ ဝန်ထမ်းများ၏ နိုင်(၄)မှတ်တမ်းပါ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်နှင့် အချက်အလက်များကို Excel ဖြင့် စိစစ်တိုက် Data ရေးသွင်းနေမှု လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ဝန်ကြီးဌာနဝန်ထမ်းများနှင့် ဌာနဆိုင်ရာအဖွဲ့အစည်း များစုဖွဲ့ဆောင်ရွက်လျက်ရှိသည့်  ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)၌ လည်းကောင်း၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမ၌ လုပ်ငန်းဆောင်ရွက်မှုများနှင့် စာကြည့်တိုက်ဝန်ဆောင်မှု လုပ်ငန်းများကိုလည်းကောင်း၊ မြစ်ကြီးနား ပြည်သူ့ဝန်ဆောင်မှု(OSS)ရုံး၌ လည်းကောင်း မှတ်တမ်းများ စိစစ်ရေးသွင်းခြင်း လုပ်ငန်းဆောင်ရွက် နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်က နိုင်(၄)မှတ်တမ်းပါ ရေးသွင်း ခြင်းလုပ်ငန်းများကို သေချာတိုက်ဆိုင်စိစစ်၍ စနစ်တကျရေးသွင်းကြရေး၊ စာရင်းအင်းများ တိကျ ခိုင်မာမှုရှိမှသာ လာမည့်ရွေးကောက်ပွဲတွင်  မဲဆန္ဒရှင်စာရင်း   မှန်ကန်စွာရရှိပြီး မဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်ရရှိနိုင်မည်ဖြစ်ကြောင်း မှာကြားကာ မှတ်တမ်းများ ရေးသွင်းလျက်ရှိသည့် ဝန်ထမ်း(၁၂၀)ဦး တို့အတွက် ထောက်ပံ့ငွေကျပ် (၉၅၀၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြုလုပ်ကျင်းပသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေါင်ဆန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာနမှလှူဒါန်းသည့် မြန်မာငွေကျပ်သိန်း(၁၅၀၀) ကျော်(တရုတ်ယွမ်ငွေ ၅၁၂၃၆၀)တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများနှင့်လူနာတင် ယာဉ်တစ်စီး လှူဒါန်းပွဲကို တက်ရောက်၍ ကျေးဇူးတင်စကားပြောကြားသည်။

          ထို့သို့ ကျေးဇူးတင်စကားပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ အောင်မြင်စေရေးနှင့် နှစ်နိုင်ငံချစ်ကြည်ရင်း နှီးမှုပိုမိုခိုင်မာစေရေး ယခုလို လှူဒါန်းမှုများအတွက် ပြည်နယ်သူ/သားများကိုယ်စား အထူးဝမ်း မြောက်ကျေးဇူးတင်ရှိသလို မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ပြော ကြားသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမျိုးသားအပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ယူနန်ပြည်နယ်ပြည်သူ့အစိုးရအဖွဲ့မှ တာဝန်ပေးချက်အရ ပေါင်ဆန်းပြည်နယ်အစိုးရမှ လှူဒါန်းသည့် လူနာတင်ယာဉ်(၁)စီးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် နှာ ခေါင်းစည်း Mask  (၂၅၀၀၀၀)ခု၊ လက်အိတ် ၉၀၀၀ စုံ၊ Medical Cap (၃၄)ဖာ၊ Sugical Gown (၂၀)ဖာ၊ Shoe Cover (၁၀)ဖာ၊ Face Shield (၃)ဖာ၊ Goggle (၅)ဖာ၊ Protective Mask (၄၂)ဖာ၊ PPE Full set (၅၀)ဖာတို့ကို ကိုယ်စားလှယ်များ၏ ပေးအပ်မှုကို လက်ခံရယူပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာ ကို ပြန်လည်ပေးအပ်ခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများနှင့် လူနာတင်ယာဉ်တို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။