ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်သည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်အားပေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်သည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်အားပေး

မြစ်ကြီးနား     မေ ၅

           (၇၆)နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အခမ်းအနားကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ မေ ၅ ရက် နံနက် ၉ နာရီ ကကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးတို့က တက်ရောက်အားပေးခဲ့ကြသည်။

          အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးသတ်သမား ကောင်းတစ်ဦးတွင် ရှိရမည့် ခိုင်မာတည်ကြည်ရဲဝံ့စွန့်စားသည့် စိတ်ဓာတ်၊ အတွေ့အကြုံရင့်ကျက်ပြီး နည်းပညာကြွယ်ဝမှုရှိစေရေး ကြိုးစားဆောင်ရွက်သွားရန်၊ နိုင်ငံတကာတွင် ပြောင်းလဲတိုးတက်နေ သည့် မီးသတ်လုပ်ငန်းဆိုင်ရာများကို မျက်ခြည်မပြတ်လေ့လာဆည်းပူးပြီး မိမိတို့ နိုင်ငံသားများ အတွက် ပြန်လည်အသုံးချနိုင်ရေး ကြိုးစားအားထုတ်ရန်၊ မိမိတို့ နိုင်ငံသားများကို မီးဘေးလုံခြုံရေး ဆိုင်ရာလုပ်ငန်း၊ ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းများဖြင့် အလုပ်အကျွေးပြုရာတွင် ရောင့်ရဲ တင်းတိမ်စိတ်မထားဘဲ လိုအပ်ချက်မရှိအောင်စွမ်းဆောင်ကြရန်၊ အနာဂတ်တွင် ရင်ဆိုင်ကြုံတွေ့လာ နိုင်သည့် မီးဘေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှုများအပေါ် မိမိတို့၏ ကျွမ်းကျင်မှု၊ ယုံကြည်မှုတို့ဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း ဂုဏ်ပြုအမှာစကားပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ခင်းကျင်းပြသထား သည့် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသုံးအဆင့်မြင့်ပစ္စည်းများ ပြသထားရှိမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ယင်းနောက် ကျောင်းဝင်းအတွင်း၌ မီးသတ်တပ်ဖွဲ့ဝင်များ၏ မီးသတ်စွမ်းရည်နှင့် ရှာဖွေကယ် ဆယ်ရေးစွမ်းရည်များဖြစ်သည့် အထပ်မြင့် မီးသတ်သတ်ရေးယာဉ် အသုံးပြု၍ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်မှု၊ Gas မီးလောင်မှုအား မီးငြှိမ်းသတ်မှု၊ Tripod အသုံးပြု၍ ကယ်ဆယ်ရေးဆောင်ရွက်မှု၊ Leader Mix အသုံးပြု၍ ဆီမီးလောင်မှုအား မီးငြိမ်းရေး ဆောင်ရွက်မှု၊ High Pressure Pump အသုံးပြု၍ မီးငြှိမ်းသတ်မှု၊ အဆောက်အအုံအတွင်း မီးခိုးငွေ့များကြားမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်မှုနှင့် ငလျင်ဘေးအန္တရာယ်ကြောင့် အထပ်မြင့်အဆောက် အအုံများ ပြိုကျပျက်စီးမှုများကြားတွင် အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ အသုံးပြု၍ ရှာဖွေကယ်ဆယ်မှုလုပ်ငန်းများအား ကြက်ခြေနီတပ်ဖွဲ့၊ အရပ်ဘက်လူမှုကူညီရေးအသင်းအဖွဲ့များ နှင့် ပူးပေါင်းသရုပ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သရုပ်ပြမီးသတ်တပ်ဖွဲ့ဝင်များအား ပြောင်းလဲလာသည့် ခေတ်နှင့်အညီ လူနေမှုအဆင့်မြင့်မားလာသည်နှင့်အမျှ မီးဘေးနှင့် သဘာဝဘေးတို့အတွက် ကူညီ ကယ်ဆယ်ဆောင်ရွက်ကြမည့် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် စဉ်ဆက်မပြတ်လေ့ကျင့်ပြီး ဖြစ်ရပ် ဖြစ်စဉ်များ ပေါ်ပေါက်လာပါက ထိခိုက်မှုအနည်းဆုံးဖြင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားပြီး မီးသတ်တပ်ဖွဲ့ဝင် များအတွက် ထောက်ပံ့ငွေကျပ် ၂၅ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့၌ ပြည်နယ်တရားလွှတ်တော်ရုံး အဆောက်အအုံသစ် တည်ဆောက်နိုင်ရေးအတွက်  မန်ခိန်ရပ်ကွက် ပြည်နယ်လွှတ်တော်ရုံးဘေးရှိ မြေဧရိယာ ၃.၂၄ ဧကနှင့် တိုးချဲ့လျာထားမည့် မြေနေရာတို့အား တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။