ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၅)နှစ်မြောက် စိန်ရတု ကချင်ပြည်နယ်နေ့အထိမ်းအမှတ် နှစ်ပတ်လည်မဂ္ဂဇင်းထုတ်ဝေနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၅)နှစ်မြောက် စိန်ရတု ကချင်ပြည်နယ်နေ့အထိမ်းအမှတ် နှစ်ပတ်လည်မဂ္ဂဇင်းထုတ်ဝေနိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

မြစ်ကြီးနား     မေ ၄

          ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့မှ စတင်ခဲ့သည့် ကချင်ပြည်နယ်နေ့သည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့အဖြစ် ကျရောက်မည်ဖြစ်ရာ စိန်ရတုကချင်ပြည်နယ်နေ့အထိမ်းအမှတ် သမိုင်းဝင်ပြည့်စုံကောင်းမွန်သည့် နှစ်ပတ်လည်မဂ္ဂဇင်း ထုတ်ဝေနိုင်ရေးအတွက် မေ ၃ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာ စကားပြောကြားသည်။

          ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့မှ စတင်ဖြစ်ပေါ်လာခဲ့သည့် ကချင်ပြည်နယ်နေ့သည် လာမည့် ၂၀၂၃ ခုနှစ်တွင် စိန်ရတုနှစ်အဖြစ် ကျရောက်သည့်အတွက် ခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့သော ပြည်နယ်၏ တည်ငြိမ်အေးချမ်းမှု၊ လယ်ယာသားငါးကဏ္ဍ၊ လူမှုစီးပွားဖွံ့ဖြိုးလာမှုနှင့် စာပေယဉ်ကျေးမှုသမိုင်းကြောင်းများကို ပေါ်လွင် ထင်ရှားပြီး ပြည့်စုံကောင်းမွန်သည့်  မဂ္ဂဇင်းတစ်အုပ်ဖြစ်စေရေး၊ အလေးအနက်ထား ဝိုင်းဝန်းလုပ် ဆောင်သွားရမည်ဖြစ်ကြောင်း၊ ထို့အပြင် စိန်ရတုပြည့်မြောက်သည့် နှစ်ဖြစ်သည့်အတွက် ပြည်နယ်၏ အထင်ကရ ပုံရိပ်များပါဝင်သည့် ပြက္ခဒိန်ထုတ်ဝေနိုင်ရေး၊ ဒိုင်ယာရီမှတ်တမ်းစာအုပ်ကိုပါ ထုတ်ဝေ သွားနိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံစာရေးဆရာများက (၇၄)နှစ်မြောက် ထုတ်ဝေခဲ့သည့် နှစ်ပတ်လည် မဂ္ဂဇင်း၏ အားနည်းချက်/ အားသာချက်များကို သုံးသပ်ရှင်းလင်းဆွေးနွေးကြပြီး (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ မဂ္ဂဇင်းဖြစ်မြောက်ရေးအတွက် ဆောင်ရွက်သွားမည့် အစီအမံများ၊ ဦးစီး ကော်မတီများ၊ ဆပ်ကော်မတီများဖွဲ့စည်းခြင်း၊ စာမူတောင်းခံခြင်း၊ ထူးချွန်ထင်ရှား ကချင်ပြည်နယ် သားများအစီအစဉ် ထည့်သွင်းဖော်ပြနိုင်ရေးနှင့် ပြက္ခဒိန်ထုတ်ဝေနိုင်ရေးအတွက် ပြည်နယ်အတွင်း ဓာတ်ပုံပြိုင်ပွဲ ပြုလုပ်ကျင်းပသွားမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြဆွေးနွေးကြရာ ပြည်နယ် ဝန်ကြီးချုပ်က စိန်ရတုကချင်ပြည်နယ်နေ့အထိမ်းအမှတ် မဂ္ဂဇင်းဖြစ်မြောက်ရေး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။