မြစ်ကြီးနား နိုဝင်ဘာ ၁
ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ရိုးရာအထည် အဆင်ဒီဇိုင်းများရက်လုပ်သည့် ရက်ကန်းလုပ်ငန်းများ ပိုမိုတိုးချဲ့လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ အဖွဲ့ဝင်များ၊ ပြည်နယ်အတွင်းရှိ ရက်ကန်းလုပ်ငန်းရှင်များနှင့် နိုဝင်ဘာ ၁ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ တွေ့ဆုံဆွေးနွေသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ကချင်ပြည်နယ်အတွင်း အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအဖွဲ့နာယက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ရိုးရာ အထည်ဒီဇိုင်းများဟာ ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများထိပါ လူကြိုက်များ ကျော်ကြားလှပသော အဆင်ဒီဇိုင်းများဖြစ်ပါကြောင်း၊ သို့ဖြစ်၍ရိုးရာအထည်အလိပ်ဒီဇိုင်းများအားရက်လုပ်သောရက်ကန်း ပညာရပ် ယဥ်ကျေးမှုအမွေအနှစ်များ တိမ်ကောပပျောက်သွားခြင်းမရှိရေး၊ ရက်ကန်းလုပ်ငန်းဆိုင်ရာ အတတ်ပညာများ ဖြန့်ဖြူးပေးနိုင်ရန် ရက်ကန်းလုပ်ငန်းရှင်များနှင့် ပြည်နယ်သူ၊ ပြည်နယ်သား အားလုံးတွင်တာဝန်ရှိပါကြောင်း၊ ပြည်နယ်အတွင်းရက်ကန်းလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာပါက ဒေသခံတိုင်းရင်းသား လူငယ်များ ရက်ကန်းပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်း တစ်ပိုင်တစ်နိုင် လုပ်ငန်းများ ထူထောင်နိုင်မှာဖြစ်ပြီး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာနိုင်သည်သာမက လူ စွမ်းအားအရင်းအမြစ်များလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း၊ ထို့ကြောင့် ရပ်ကန်းလုပ်ငန်း များ ရေရှည်ခိုင်မာအား ကောင်းလာစေပြီး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ယနေ့တွေ့ဆုံဆွေးနွေး ပွဲတွင်ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးရမည့်လုပ်ငန်းများအပေါ် ပွင့်ပွင့်လင်းလင်းတင်ပြဆွေးနွေး ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်စက်မှု ကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်သမဝါယမဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးဝမ်း ကျောင်းပညာသင်တန်းကျောင်း၊ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ပြည်နယ် ဦးစီးမှူးများက ပြည်နယ်အတွင်း ရက်ကန်းလုပ်ငန်းများအတွက် SME Member ကတ်များ ခွင့်ပြု ထုတ်ပေးထားမှု အခြေအနေများ၊ လုပ်ငန်းများ ရေရှည်တည်တံ့ ဖွံ့ဖြိုးရေးအတွက် ချေးငွေရရှိမှု အခြေအနေများ၊ ရက်ကန်းနည်းပညာအခြေခံနှင့်အဆင့်မြင့်သင်တန်းများ ဖွင့်လှစ်ပို့ချပေးခဲ့မှု အခြေ အနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး ရက်ကန်းလုပ်ငန်းရှင်များက ရက်ကန်းနှင့် ရိုးရာအထည် အလိပ် အဆင်ဒီဇိုင်းများ ထုတ်လုပ်သည့် လုပ်ငန်းများဆောင်ရွက်ရာတွင် ပေါင်းစပ်ညှိနှိုင်းပေးရမည့် ကိစ္စရပ်များ၊ ချေးငွေလိုအပ်ချက်နှင့် ရက်ကန်းနှင့် ရိုးရာအထည်အလိပ် ထုတ်ကုန်ပစ္စည်းများ တိုးချဲ့ ဆောင်ရွက်နိုင်ရေး၊ ဈေးကွက်ရရှိရေး စသည့်လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ရက်ကန်းလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုး တက်စေရေး၊ ရိုးရာအထည်အလိပ်များ ထုတ်လုပ်နိုင်မှု မြင့်မားလာစေရေးအတွက် ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များအပေါ် လိုအပ်သည်များကို ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်း ရှင်များနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။