မြစ်ကြီးနားမြို့၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲများကို မြစ်ကြီးနားတက္ကသိုလ်တွင် ဒုတိယအကြိမ်နှင့် ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)တွင် ပထမအကြိမ်ကျင်းပပြုလုပ်

 မြစ်ကြီးနားမြို့၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲများကို မြစ်ကြီးနားတက္ကသိုလ်တွင် ဒုတိယအကြိမ်နှင့် ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)တွင် ပထမအကြိမ်ကျင်းပပြုလုပ်

မြစ်ကြီးနား     သြဂုတ် ၁၀

          ကချင်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြစ်ကြီးနားတက္ကသိုလ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသော ဒုတိယအကြိမ် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို သြဂုတ် ၁၀ ရက် နံနက် ၉ နာရီက မြစ်ကြီးနားတက္ကသိုလ် ခန်းမ၌ ကျင်းပရာ ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း တက်ရောက်အမှာစကားပြောကြားသည်။

          ထိုသို့ အမှာစကားပြောကြားရာတွင် ပြည်နယ်လူမှုရေးရာဝန်ကြီးက ယခုကဲ့သို့ စကားဝိုင်း ဆွေးနွေးပွဲများကို ကျင်းပပေးခြင်း၊ ပါဝင်ဆွေးနွေးကြခြင်းအားဖြင့် အနာဂတ်တွင် နိုင်ငံတာဝန်ကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် ခေါင်းဆောင်ကြမည့် လူငယ်/ လူရွယ်များအနေဖြင့် အပြန်အလှန် ဆွေးနွေးတတ်ခြင်း၊ စာပေဗဟုသုတများ ဖတ်ရှုလေ့လာခြင်းအားဖြင့် အသိအမြင်များ ကျယ်ပြန့်ပြီး ဆွေးနွေးပြောဆိုတတ်သည့် အလေ့အထ၊ အတွေးအခေါ်ကောင်းများ၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင် စွမ်းများနှင့် ပြည်စုံလာမည် ဖြစ်သကဲ့သို့  ကောင်းမွန်သည့် အလေ့အကျင့်များ ရရှိစေမည်ဖြစ်ကြောင်း ပြောကြားသည်။

          ထို့နောက် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက စကားဝိုင်းဆွေးနွေး ပွဲတွင် ပါဝင်ခြင်းဖြင့် ဉာဏ်ရည်နှင့် ပြည့်ဝသည့် အနာဂတ် လူကောင်း၊ လူမွန်များ ဖြစ်လာစေရန်   ကြိုးစားဆောင်ရွက်ကြရေး ‌တိုက်တွန်းပြောကြားပြီး ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်သူက စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရည်ရွယ်ချက်၊ မျှော်မှန်းချက်များကို ရှင်းလင်းပြောကြားသည်။

          ယင်းနောက် စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော် ဦးဆောင်၍ ကျောင်းသား/ ကျောင်းသူများ နှင့်အတူ လူငယ်နှင့် ပူးပေါင်းဆောင်ရွက်မှု၊ လူငယ်နှင့် အနာဂတ်စိန်ခေါ်မှုများ၊ လူငယ်နှင့် လိုက်နာ ကျင့်သုံးရမည့် စည်းမျဉ်းစည်းကမ်းများ၊ လူငယ်နှင့် ပညာရေး၊ လူငယ်နှင့် အားကစား ခေါင်းစဉ်တို့ဖြင့် စကားဝိုင်းဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများက သိလိုသည် များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးက စကားဝိုင်းဆွေးနွေးပွဲအတွက် ပူးပေါင်းကူညီဆောင်ရွက်ပေး ကြသည့် တက္ကသိုလ်နှင့် ကျောင်းသား/ ကျောင်းသူများအတွက် အမှတ်တရ လက်ဆောင်များကို လည်းကောင်း၊  ပြည်နယ်ဦးစီးမှူးများက မြစ်ကြီးနားတက္ကသိုလ်အတွက် အားကစားအထောက်အကူ ပြုပစ္စည်းများနှင့် အမှတ်တရလက်ဆောင်များကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          အလားတူ မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်ရှိ ကွန်ပျူတာ တက္ကသိုလ်(မြစ်ကြီးနား)၏ စုပေါင်းခန်းမ၌လည်း ကျင်းပပြုလုပ်ခဲ့ကြသည်။

          အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်သူက စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးက ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား)အတွက် အားကစား အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးအပ်ပြီး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက် ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်ထက်၊ ကချင် ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊ စာရေးဆရာအကြီးကိုကို(ကသာ)တို့ ဦးဆောင်၍ ကျောင်းသား/ ကျောင်းသူများနှင့်အတူ လူငယ်နှင့်အနာဂတ်ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် လူငယ်နှင့် လူကြီး ဆက်ဆံရေး၊ အင်တာနက်၏ ကောင်းကျိုး/ဆိုးကျိုးများ၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်အားကစား၊ ကျန်းမာရေး၊ လူငယ်နှင့် အချိန်၏ တန်ဖိုးတို့ကို ဆွေးနွေးခဲ့ကြကာ တက်ရောက်လာသည့် ကျောင်း သား/ကျောင်းသူများ၏ မေးမြန်းဆွေးနွေးမှုများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

          စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် ပြည်နယ်ဦးစီးမှူးက ဒုတိယပါမောက္ခချုပ်နှင့် ကျောင်းသား/ ကျောင်းသူများအတွက် အမှတ်တရလက်ဆောင်များနှင့် စာရေးဆရာအကြီးကိုကို (ကသာ)က တက္ကသိုလ်စာကြည့်တိုက်အတွက် သုတရသစာအုပ်များကို အသီးသီးထောက်ပံ့ပေးအပ်ရာ ဒုတိယ ပါမောက္ခချုပ်က ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ကြကြောင်း သိရှိရ သည်။