ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နောင်နန်းကျေးရွာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲနှင့် မြန်မာ့သိုင်းစွမ်းရည်ပြပွဲသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နောင်နန်းကျေးရွာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲနှင့် မြန်မာ့သိုင်းစွမ်းရည်ပြပွဲသို့ တက်ရောက်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၃

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ (၈)မိုင် နောင်နန်းကျေးရွာ၌ ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနက ဆောင်ရွက်ပြီးစီးသည့် နောင်နန်း – ၈မိုင် – လမြန် -၁၀ မိုင်လမ်း ကွန်ကရစ်လမ်းသစ်အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဖေဖော်ဝါရီ ၃ ရက် နံနက် ၈ နာရီခွဲက လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ် သည်။

          လမ်းသစ်ဖွင့်ပွဲတွင် ကက်သလစ်အသင်းတော်ဆရာဦးဘရန်အောင်က ဆုတောင်းဆက်ကပ်ပေးပြီး အရှည် ၃၅၅ မီတာ ရှိ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့် ကက်သလစ်အသင်းတော် ဖာသာနော်ဒင့်တို့ က ကျေးရွာနေတိုင်းရင်းသားပြည်သူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကျေးရွာဖွံ့ဖြိုးရေးအတွက် မတည်ရန်ပုံငွေကျပ် ၁၀ သိန်းကို ပေးအပ်ရာ ရပ်မိရပ်ဖနှင့်ကျေးရွာအုပ်ချုပ်ရေးမှူးတို့က လက်ခံရယူခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်ထံ ရိုးရာမဂွန်းလစ်ဖြင့် ဂါဝရပြုပေးအပ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒေသခံများနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအ ဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများသည် ဒေသခံပြည်သူများနှင့် အတူ လမ်းသစ်အား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျေးရွာတွင်း လမ်း ၃ ဖာလုံအား ဆက်လက် ဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ပြည်နယ်ပြည်သူ့အားက စားကွင်းအတွင်း (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်အားကစား နှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာ့သိုင်းဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပသည့် မြန်မာ့သိုင်းစွမ်းရည်ပြပွဲ အခမ်းအနားသို့ တက်ရောက်အားပေးကြသည်။

          အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့သိုင်းအားကစားနည်းသည် မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိတို့၏ ဇာတိမာန်စိတ်ဓာတ်တို့ကို အဓိကဖော်ကျူးပြသသည့် အားကစားနည်းတစ်ရပ်ဖြစ်ပါကြောင်း၊ မြန်မာ့သိုင်းသည် ရှေးယခင်နှစ်ပေါင်းများစွာကတည်းက မျိုးရိုးအစဉ်အဆက်စောင့်ထိန်းခဲ့ကြကာ ကိုယ်ခံ အတတ်ပညာတစ်ခုအနေဖြင့် အမြတ်တနိုးလက်ဆင့်ကမ်းသင်ယူခဲ့ကြသည့် ပညာရပ်တစ်ခုဖြစ်ပါ ကြောင်း၊ ပြည်နယ်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးလုပ်ငန်းများတွင် စုစည်းမှုအင်အား၊ ညီညွတ်မှုသည်အင်အားဖြစ်သည့်အတွက် ပြည်နယ်မြန်မာ့သိုင်းဆပ်ကော်မတီအနေဖြင့် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အစဉ်အမြဲပူးပေါင်းဆောင်ရွက်ရန်၊ မြန်မာ့သိုင်းပညာများကို ရှင်သန်တိုးတက် စေရေး၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးကိုလည်း အလေးထားဆောင်ရွက်ကြရန် လိုကြောင်း တိုက်တွန်းမှာ ကြားသည်။

          ထို့နောက် ပြည်နယ်မြန်မာ့သိုင်းဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ မြန်မာ့သိုင်းဆရာကြီး ဦးချစ်သူ ဦးဆောင်၍ မြန်မာ့သိုင်းပြည်နယ်လက်ရွေးစင်များ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးတိုးတက် ရေး သင်တန်းကျောင်းများမှ ကျောင်းသား/ ကျောင်းသူလေးများက မြန်မာ့သိုင်း အခြေခံသိုင်းကွက်များ၊ တစ်ဦးချင်းလက်နက်မဲ့/ လက်နက်ဖြင့် တိုက်ခိုက်မှုစွမ်းရည်များနှင့် စိတ်ကြိုက်ဓားစွမ်းရည်များကို ပြသမှု ကို ကြည့်ရှုအားပေးခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်မြန်မာ့သိုင်းဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ မြန်မာ့သိုင်းဆရာကြီး ဦးချစ်သူက ပြည်နယ်ဝန်ကြီးချုပ်ထံ မြန်မာ့သိုင်းပန်းချီကားချပ်အား ဂါဝရပြုလက်ဆောင်ပေးအပ်ရာ ပြည်နယ် ဝန်ကြီးချုပ်က မြန်မာ့သိုင်းစွမ်းရည်ပြသသည့် သရုပ်ပြအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သန်း နှင့် တာဝန်ရှိသူများထံ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။