ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လာစေလွှတ်ခဲ့သည့် မြန်မာနိုင်ငံသား ပြည်တော်ပြန်များအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့
မြစ်ကြီးနား နိုဝင်ဘာ ၆
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှတစ်ဆင့် ကန်ပိုက်တီနယ်စပ်ဂိတ်သို့ ပြန်လည်လွှဲပြောင်းလာ သော နေရပ်ပြန်မြန်မာနိုင်ငံသားများအား ကချင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မြစ်ကြီးနား မြို့၌ ခေတ္တစခန်းသွင်းနေရာချထားပေးခဲ့ရာ နိုဝင်ဘာ ၆ ရက် ညနေ ၃ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်တွေ့ဆုံအားပေး ထောက်ပံ့ခဲ့ကြ သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနပိုင် မိုးလုံလေလုံအားကစားခန်းမ၌ ပြည်တော်ပြန်အမျိုးသား (၉၅)ဦးတို့အား ခေတ္တစခန်းသွင်းထားရှိရာနေရာသို့ သွားရောက်ကာ ပြည်နယ်ဝန်ကြီးချုပ်က အခက် အခဲမျိုးစုံကျော်ဖြတ်ခဲ့ပြီး မိမိတို့ နိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည့်အတွက် စိတ်ပျက် ဝမ်းနည်းမနေဘဲ မိမိတို့၏ ဘဝကို ရှေ့ဆက်အကောင်းဆုံး ရင်ဆိုင်ဖြတ်ကျော်ကြရန်လိုကြောင်း ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ပြည်တော်ပြန်များအတွက် မုန့်၊ အချိုရည်ဘူးများ၊ ဆပ်ပြာခဲ၊ တစ်ရှူး၊ လက်ဆေးရည်ဘူးနှင့် ထောက်ပံ့ငွေများကို တစ်ဦးချင်းစီ အတွက် လိုက်လံဝေငှထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထိုမှတစ်ဆင့် မြစ်ကြီးနားပြည်သူ့ဆေးရုံဝင်းအတွင်း အရိုးကုသဆောင်၌ ပြည်တော်ပြန် အမျိုး သမီး (၅၃)တို့အား သွားရောက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်နန်ဆိုင်းတို့က အားပေး စကားပြောကြားကာ ပြည်တော်ပြန်အမျိုးသမီးများအတွက် မုန့်၊ အချိုရည်ဘူး၊ ဆပ်ပြာခဲ၊ တစ်ရှူး၊ လက်ဆေးရည်ဘူးများနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ကိုယ်ဝန်ဆောင်မိခင်များ ၆ ဦးတို့အတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါ ပြည်တော်ပြန်များကို ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ကန်ပိုက်တီနယ်စပ်ဂိတ် မှတစ်ဆင့် ပြန်လည်ခေါ်ယူခဲ့ကြပြီး အဆိုပါစခန်းများတွင် ခေတ္တတည်းခိုနေထိုင်စေကာ ကိုဗစ်-၁၉ ရောဂါစစ်ဆေးခြင်း၊ ကာကွယ်ဆေးများထိုးနှံပေးခြင်း၊ အစားအသောက်များ စီစဉ်ဆောင်ရွက်ပေးခြင်း တို့အပြင် အဆိုပါ ပြည်တော်ပြန် အမျိုးသား (၉၅)ဦး၊ အမျိုးသမီး (၅၃)ဦးတို့အား ၎င်းတို့၏ နေရပ် မြို့များသို့ နိုဝင်ဘာ ၇ ရက်နေ့တွင် ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။