ကချင်ပြည်နယ်ဝန်ကြီးချုပ် တန်ဆောင်မုန်းလပြည့်နေ့ ကုသိုလ်ကောင်းမှုပြုသူများ အေးချမ်းပျော်ရွှင်စွာ စည်ကားလျက်ရှိသည့် အခြေအနေများနှင့် တန်ဆောင်တိုင်မီးမျှောပွဲတော် ကျင်းပနိုင်ရေး ကွင်းဆင်းဆောင်ရွက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် တန်ဆောင်မုန်းလပြည့်နေ့ ကုသိုလ်ကောင်းမှုပြုသူများ အေးချမ်းပျော်ရွှင်စွာ စည်ကားလျက်ရှိသည့် အခြေအနေများနှင့် တန်ဆောင်တိုင်မီးမျှောပွဲတော် ကျင်းပနိုင်ရေး  ကွင်းဆင်းဆောင်ရွက်

မြစ်ကြီးနား     နိုဝင်ဘာ ၇

          ၁၃၈၄ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့တွင် မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဘုရားစေတီပုထိုးများတွင် ကုသိုလ်ကောင်းမှုပြုသူများဖြင့် အေးချမ်းပျော်ရွှင်စွာ စည်ကားလျက်ရှိသည့် အခြေအနေနှင့် ညနေပိုင်းတွင် တန်ဆောင်တိုင်ပွဲတော် မီးမျှောပွဲနှင့်အတူ ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက်စီမံဆောင်ရွက်ထားရှိမှုများကို ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၇ ရက် နံနက် ၈ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ကမ်းနားလမ်းနှင့် ရုံးကြီး လမ်းထောင့် ဧရာဝတီမြစ်ကမ်းပါး၌ တန်ဆောင်တိုင် မီးမျှောပွဲတော် ကျင်းပပြုလုပ်နိုင်ရေး စီစဉ် ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ညနေပိုင်းတွင် တန်ဆောင်တိုင်ပွဲတော် စည်ကားသိုက် မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မီးပုံးပျံများ လွှတ်တင်သွားနိုင်ရေး၊ အများပြည်သူ ကုသိုလ် ကောင်းမှုပြုရာနေရာများနှင့် အပန်းဖြေရာနေရာများတွင် ဌာနဆိုင်ရာများ၊ အရပ်ဘက်လူမှုရေး အသင်းအဖွဲ့များစုဖွဲ့၍ စတုဒီသာကျွေးမွေးနိုင်ရေး စီမံဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ လောကမာန်အောင် ဆုတောင်းပြည့်စေတီတော် မြတ်ကြီး၌ နိဗ္ဗာန်ဈေးတန်းများဖြင့် ရောင်းဝယ်ဖောက်ကားနေမှုများ၊ လပြည့်နေ့ကုသိုလ်ကောင်းမှုပြု သူများနှင့် စည်ကားနေမှုကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး ဧရာဝတီမြစ်ဆိပ်၌ ညနေပိုင်းတွင် ရှင်ဥပဂုတ္တ မထေရ်မြတ်ကြီးဖောင်တော်ရေမျှောပူဇော်ပွဲနှင့် ဖောင်တော်ကြီးနှင့်အတူ မီးမျှောပွဲကျင်းပပြုလုပ်နိုင် ရေး စီမံဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          အလားတူ တန်ဆောင်မုန်းလပြည့်နေ့၌ မြစ်ကြီးနားမြို့ရှိ သမိုင်းဝင် ဆုတောင်းပြည့်စေတီ တော်၊ အံတော်ရှင်စေတီတော်၊ အောင်ဇေရန်အောင်ဗောဓိတစ်ထောင်စေတီတော်၊ မဇ္စျိမလာဘ ထိုင်တော်မူဘုရားကြီး  စသည့် ဘုရားစေတီ ပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းသူများ၊ ကုသိုလ်ကောင်းမှုပြုသူများ၊ ဧည့်ခံကျွေးမွေးမှုများဖြင့် အေးချမ်း ပျော်ရွှင်စွာ စည်ကားလျက်ရှိသည့်အပြင် ညပိုင်းတွင်လည်း ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ မီးမျှောပွဲ၊ ရှင်ဥပဂုတ္တမထေရ်မြတ်ဖောင်တော်မျှောပွဲနှင့် ဘုရားစေတီများတွင် စတုဒီသာများဖြင့် ကုသိုလ်ပြု ဧည့်ခံကျွေးမွေးပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။