ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေး ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေး ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၈

          မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နှစ်ဟောင်းကို နှုတ်ဆက်၍ ၁၃၈၆ နှစ်သစ်ကို ကြိုဆိုမည့် ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နှစ်ဟောင်းကို နှုတ်ဆက်၍ ၁၃၈၆ နှစ်သစ်ကို ကြိုဆိုရမည့် ကာလသို့ ပြန်လည်ရောက် ရှိလာပြီဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် သင်္ကြန်ပွဲတော်ကို ယခင်နှစ်များထက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားရမည်ဖြစ်သည့် အပြင် ရိုးရာယဉ်ကျေးမှုကိုထုတ်ဖော်ပြသသည့် ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲ၊ အန္တရာယ် ကင်းပရိတ်တရားတော်နာယူပွဲ၊ သင်္ကြန်ယိမ်းပြိုင်ပွဲစသည့် နှစ်သစ်ကူးအခမ်းအနားများကိုလည်း အဆင်ပြေချောမွေ့စွာ ကျင်းပပြုလုပ်နိုင်ရေး စနစ်တကျစီစဉ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ အခမ်းအနားများစည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ယခင်နှစ်အတွေ့အကြုံများအပေါ် မူတည်၍ အားနည်းချက်၊ အားသာချက်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးရာဇာထွန်းက တိုင်းစစ် ဌာနချုပ်တွင် ဆောင်ရွက်သွားမည့် သင်္ကြန်ပွဲတော်အစီအစဉ်များနှင့် ပြည်နယ်အစိုးရအဖွဲ့ အခမ်း အနားများတွင် လုံခြုံရေးဆိုင်ရာလုပ်ငန်းများအပါအဝင် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များ ကို ရှင်းလင်းပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဆွေဝင်းက သင်္ကြန် ပွဲတော်နှင့် နှစ်သစ်ကူးအခမ်းအနားများ ကျင်းပနိုင်‌ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ လျာထားဖွဲ့စည်းဆောင်ရွက်ထားရှိမှုကို ဖတ်ကြားရှင်းလင်းတင်ပြရာ တက်ရောက်လာသူများက သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ ကျန်ရှိမှုမရှိစေရေး လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးဆောင် ရွက်ခဲ့ကြသည်။

          ယင်းနောက် ဆပ်ကော်မတီအလိုက် လုပ်ငန်းတာဝန်များနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက် ရမည့်ကိစ္စရပ်များ၊ ယခင်နှစ် အားသာချက်/ အားနည်းချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သင်္ကြန်ပွဲတော်နှင့် နှစ်သစ်ကူးအခမ်းအနားများ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။