ကချင်ပြည်နယ်ဝန်ကြီးချုပ် ဆင်ဘိုနှင့် တာလောကြီးကျေးရွာများမှ Grade-12 ဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများနှင့် သူနာပြုသင်တန်းကျောင်း၊ ပညာရေးဒီဂရီကောလိပ်တို့မှ သင်တန်းသား/ သင်တန်းသူများအား စားသောက်ကုန်များ ထောက်ပံ့၊ တတိယအကြိမ် စာအောင်ဆု နှင်းသဘင်အခမ်းအနားနှင့် မြစ်ကြီးနားမြို့တော်ခန်းမသစ် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဆင်ဘိုနှင့် တာလောကြီးကျေးရွာများမှ Grade-12 ဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများနှင့် သူနာပြုသင်တန်းကျောင်း၊ ပညာရေးဒီဂရီကောလိပ်တို့မှ သင်တန်းသား/ သင်တန်းသူများအား စားသောက်ကုန်များ ထောက်ပံ့၊ တတိယအကြိမ် စာအောင်ဆု နှင်းသဘင်အခမ်းအနားနှင့် မြစ်ကြီးနားမြို့တော်ခန်းမသစ် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၇

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးနှင့် လူ့စွမ်း အားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လေ့ကျင့်သင်ကြားမှုခံယူနေသော ကျောင်းသား/ ကျောင်းသူများ၊ သင်တန်းသား/သင်တန်းသူများအတွက် စားသောက်ကုန်များကို ‌ပြည်နယ်ဝန်ကြီး ချုပ် ဦးခက်ထိန်နန်က ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၃ နာရီခွဲက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ လတ်တလောနယ်မြေအခြေအနေရ မြစ်ကြီးနားမြို့တွင် ရွေ့ပြောင်းနေထိုင်၍ စခန်းသွင်းလေ့ကျင့်သင်ကြားနေသော ဆင်ဘိုနှင့် တာလောကြီး ကျေးရွာ များမှ ဆရာ/ ဆရာမများနှင့် တက္ကသိုလ်ဝင်တန်း Grade-12 ကျောင်းသား/ကျောင်းသူများအား မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်အတွင်းရှိ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း ခန်းမသို့သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။

ထို့သို့ တွေ့ဆုံအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ တက္ကသိုလ်ဝင်တန်း ဖြေဆို ကြမည့် သားငယ်၊ သမီးငယ်များအနေဖြင့် အခက်အခဲမည်သို့ပင်ရှိစေကာမူ တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ရေးအတွက် မလျော့သော ဇွဲလုံ့လတို့ဖြင့် ကြိုးစားဖြေဆိုကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း တက္ကသိုလ်ဝင်စာမေးပွဲများ အေးချမ်းတည်ငြိမ်စွာ ဖြေဆို နိုင်ရေးအတွက် အလေးထား စီမံဆောင်ရွက်လျက်ရှိသည့်အပြင် သားငယ်၊ သမီးငယ်များ၏ စခန်း သွင်းလေ့ကျင့်သင်ကြားရာတွင်လည်း၊ စာမေးပွဲကာလတွင်လည်းကောင်း နေထိုင်စားသောက်မှု အဆင်ပြေစေရေးနှင့် ကျန်းမာရေးကိစ္စရပ်များအတွက် လိုအပ်သည်များကို စောင့်ကြည့်လေ့လာပြီး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း တိုက်တွန်းအားပေးပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က ဆရာ၊ ဆရာမများနှင့် တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများ (၆၉)ဦးတို့အတွက် ခရမ်းချဉ်သီးပိဿာ(၂၀၀)၊ ဂေါ်ဖီထုပ်(၄၀၀)၊ အာလူးစသည့် ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ အသားနှင့်ငါးများကိုလည်းကောင်း၊ ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းစိမ်းဝတ်စုံများအသီး သီးထောက်ပံ့ပေးအပ်ကြရာ ဆင်ဘိုကျောင်း အုပ်ဆရာက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချူပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက် အတွင်းရှိ သူနာပြုသင်တန်းကျောင်းခန်းမ၌ သူနာပြုသားဖွားဒီပလိုမာ သင်တန်းသား/ သင်တန်းသူ များနှင့်မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား/သင်တန်းသူများနှင့် သွားရောက်တွေ့ဆုံ ပြည်နယ်ဝန်ကြီးချုပ်က ပညာရေး၊ကျန်းမာရေးကဏ္ဍတို့တွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် ရေးအတွက် ယနေ့ လူငယ်မောင်မယ်များ အေးချမ်းစွာပညာသင်ကြားနိုင်ရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာသင်ကြားချိန်တွင် အရေးကြီးကဏ္ဍဖြစ်သည့် နေထိုင် စားသောက်မှုအဆင်ပြေ စေရေးအတွက် အတတ်နိုင်ဆုံးဖြည့်ဆည်း‌ဆောင်ရွက်ပေးမည်ဖြစ်ပြီး ပညာ ကိုအလေးထားသင်ယူကြရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံ့အတွက် အားထားရသည့် လူငယ်မောင်မယ် များဖြစ်လာစေရေး ကြိုးစားဆောင်ရွက်ကြရန် လိုကြောင်းတိုက်တွန်းအားပေး ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လူမှု ရေးရာဝန်ကြီးတို့က ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ အာလူး၊ ဝက်သား၊ ကြက်သားနှင့် ကြက်ဥများကို ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၉ နာရီ က မြစ်ကြီးနားမြို့ မင်းရပ်ရပ်ကွက်ရှိ သာသနာ့ဗိမ္မာန်တော်၌ ပြည်နယ်အစိုးရအဖွဲ့က ဆရာတော်ကြီး၏ သြဝါဒခံယူ၍ ကြီးမှူးကျင်းပခဲ့သည့် ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယပါဠိပထမပြန် စာမေးပွဲများတွင် အောင်မြင် တော်မူခဲ့ကြသည့် ရဟန်း/ သံဃာများအား တတိယအကြိမ် စာအောင်ဆုနှင်းသဘင် အခမ်း အနားသို့ တက်ရောက်သည်။

ရှေးဦးစွာ နိုင်ငံတော်သံဃနာယကအဖွဲ့ဝင်၊ ခေမာသီဝံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ စန္ဒာဝရာဘိဝံသ အမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများနှင့် စာအောင်သံဃာတော်များ ကြွရောက်တော်မူကြပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကာ ထူးမခြားနားသီချင်းခန့်ဖြင့် ရောင်တော်ဖွင့်သီဆိုပူဇော်သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရဟန်းဒါယကာ၊ ဒါယကာမများ၊ အလှူရှင်များက ဆရာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက သာသနာရေး ဆိုင်ရာများကို လျှောက်ထားတင်ပြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်အရှင်သူမြတ်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး စာအောင်ဆုများကို ဆက်လက်အပ်နှင်းရာ သာသနဓဇ ဓမ္မာစရိယဘွဲ့ရ ဆရာတော်များအား လည်းကောင်း၊ ပထမကြီးတန်းအောင်၊ ပထမလတ်၊ ပထမငယ် အောင် ရဟန်း၊ သာမဏ၊ သီလရှင်ဆရာတို့အား လည်းကောင်း၊ အခြေပြုမူလတန်းအောင် ရဟန်း၊ သာမဏေ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များအား လည်းကောင်း စာအောင်ဆုလက်မှတ်နှင့် စာအောင်ဆု ချီးမြှင့်ငွေနှင့် လှူဖွယ်ပစ္စည်းများကို အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်သံဃနာယကအဖွဲ့ဝင် ဆရာတော်ထံမှ သမ္မောဒနိယ သြဝါဒကထာ တရားတော်များနာယူခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်း အနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဘုရာကန်တော့ဆုတောင်း၍ ရုပ်သိမ်းကြပြီး ဝန်းသိုကျောင်းတိုက်၏ ဆရာတော်အရှင်သူမြတ်များနှင့် စာအောင်သံဃာ‌တော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်သည် ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းကလည်း မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အတွင်း ခေတ်နှင့်လျော်ညီပြီး မြို့အင်္ဂါရပ်နှင့်အညီ တည်ဆောက်မည့် ယခင်မြို့တော်ခန်းမဟောင်းနေရာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးရန်ပုံငွေကျပ် (၁၁၈၈)သန်းဖြင့် ၁၈၀ ပေ × ၁၂၀ ပေ × ၂၆ပေ)ရှိ မြို့တော်ခန်းမသစ် တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ဘဏ္ဍာနှစ်အတွင်း၊ သတ်မှတ်ချက်နှင့် ပြည့်မီသည့် ရာနှုန်းပြည့်တည်ဆောက်ပြီးစီးရေး လိုအပ်သည်များကို ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မြစ်ကြီးနားကုတင်-၅၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးအတွင်း ပါမောက္ခ/အထူးကု ဆရာ ဝန်ကြီးများ ပါဝင်သည့် နယ်လှည့်ဆေးကုသရေးအဖွဲ့၏ ဒေသခံပြည်သူများအား အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး နယ်လှည့် ဆေးကုသရေးအဖွဲ့အတွက် ထောက်ပံ့ငွေများနှင့် ဆေးဝါးကုသမှုခံယူရန်လာရောက်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြကာ ဆေးဝါကုသပေးသော ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများအား ကျေးဇူးတင်ဂုဏ်ပြုလက်ဆောင်များကို လိုက်လံပေးအပ် ချီးမြှင့် ခဲ့ကြကြောင်း သိရသည်။