ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ်ရှိ ချီဖွေနှင့် ဝိုင်းမော်မြို့နယ်များမှ ယာယီတိမ်းရှောင်မိသားစုများအား ဆန်အိတ်များထောက်ပံ့၊ စီတာပူရပ်ကွက်အတွင်း မဲဆန္ဒရှင်စာရင်းကြေညာထားရှိမှုအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား   အောက်တိုဘာ ၇

          ပြည်နယ်ဝန်ကြီးချုပ်သည် အောက်တိုဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့နယ်၊ ဝါးရှောင်ကျေးရွာအုပ်စုအတွင်းရှိ ယာယီတိမ်းရှောင်မိသားစုများအတွက် ယာယီခိုလှုံနေထိုင်နိုင်ရေးအတွက် မန်ခိန်ရပ်ကွက်၊ ပြည်နယ်လွှတ်တော်ရုံးအနီးရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)ပိုင် မြေဧရိယာ (၁၂ ဒဿမ ၁၃)ဧကပေါ်တွင် ယာယီနေအိမ်များ တိုးချဲ့ဆောက်လုပ်နေရာချထားပေးနိုင်ရေး ရပ်မိ/ရပ်ဖများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ချီဖွေခရိုင်မှ ဌာနဆိုင်ရာများနှင့် ပြည်သူများအတွက် အဆိုပါရပ်ကွက်အတွင်း နေရာချထားပေးခဲ့သည့် ချီဖွေယာယီတိမ်းရှောင်စခန်းသို့ သွားရောက်ပြီး စခန်းနေအိမ်ထောင်စုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အိမ်ထောင်စုများအတွက် ဆန်အိတ် (၅၀)အား ထောက်ပံ့ပေးအပ်ခဲ့ကြပြီး စခန်းနေအိမ်ထောင်စုများ၏ လိုအပ်ချက်များ တင်ပြမှုအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် အဆိုပါ ချီဖွေစခန်းနှင့် ကပ်လျက်ရှိသည့် စန်းကားယာယီတိမ်းရှောင်စခန်းသို့ သွားရောက်ပြီး အိမ်ထောင် စုများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားကာ အိမ်ထောင်စုများအတွက် ဆန်အိတ် (၅၀)ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး အိမ်ထောင်စုများ၏ လိုအပ်ချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ စခန်းအတွင်းရှိ အသက် (၁၅) နှစ်အောက် ကလေးများအတွက် ဘောလုံးပြိုင်ပွဲကို ကြည့်ရှုအားပေးခဲ့ကြပြီး ဘောလုံးပြိုင်ပွဲနှင့် လော်ဝေါ်ရိုးရာအကအဖွဲ့တို့အတွက် ချီးမြှင့်ထောက်ပံ့ငွေကျပ် (၁၅)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်းရှိ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံး၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ၃၀-၉-၂၀၂၅ ရက်နေ့မှ ၁၃-၁၀-၂၀၂၅ ရက်နေ့အထိ ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မဲဆန္ဒရှင်စာရင်းလာရောက်ကြည့်ရှုနေကြသော ပြည်သူများအား ဆန္ဒမဲပေးနိုင်ရေးအတွက် မဲစာရင်းတွင် မိမိတို့အမည်စာရင်းမပါဝင်ပါက၊ အမည်နှင့်အချက် အလက်များကို ကန့်ကွက်ရန်ရှိပါက ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည့်အတိုင်း လုပ်ထုံးလုပ်နည်းနှင့်အညီ လျှောက်ထားတင်ပြနိုင်ရေး၊ တာဝန်ရှိသူများအနေဖြင့်လည်း မဲဆန္ဒရှင်စာရင်းလာ ရောက်ကြည့်ရှုသူများအား လိုအပ်သည်များအပေါ် ကူညီဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။