ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ်ရှိ ရှေးဟောင်းသမိုင်းဝင် စေတီတော်ကြီးများ၌ ဆီမီး (၁၀၀၀) ထွန်းညှိပူဇော်၊ ပန်းရေချမ်းဆီမီးကပ်လှူပူဇော်

မြစ်ကြီးနား   အောက်တိုဘာ ၈

          ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့  ညနေပိုင်းတွင် မြစ်ကြီးနားမြို့ပေါ်ရှိ ရှေးဟောင်းသမိုင်းဝင် စေတီတော်ကြီးများဖြစ်သည့် လောကမာန်အောင် ဆုတောင်းပြည့်စေတီတော်ကြီး၌ လည်းကောင်းနှင့် ရန်ကြီးအောင်ရပ်ကွက်အတွင်းရှိ အံတော်ရှင်စေတီတော်ကြီး၌ လည်းကောင်း ဆီမီး (၁၀၀၀)ထွန်းညှိပူဇော်ခြင်း၊ ပန်းရေချမ်းဆီမီးကပ်လှူပူဇော်ခြင်း စသည့်ကောင်းမှုကုသိုလ်များကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ကုသိုလ်ကောင်းမှုပြုရန်လာရောက်ကြသည့် ဘုရားဖူးပြည်သူများအား စတုဒီသာအဖြစ်ကြာဇံဟင်းခါးနှင့်ကောက်ညှင်းပေါင်း၊ လက်ဘက်ရည်တို့ဖြင့် ဧည့်ခံကျွေးမွေးပေးခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနာမြို့ မင်းရပ်ရပ်ကွက်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ မင်းရပ်ပြည်သူအားကစားကွင်းအတွင်းနှင့် ဧရာဦးပန်းခြံအတွင်း သီတင်းကျွတ်မီးထွန်းပွဲတော်အဖြစ် အများပြည်သူ လွတ်လပ်ပျော်ရွှင်စွာ အပန်းဖြေအနားယူနိုင်ရေး ရောင်စုံစလိုက်မီးများဖြင့် အလှဆင်ထားခြင်း၊ နိုင်ငံကျော်အဆိုတော် နောနော်နှင့် ဒေသခံတိုင်းရင်းသားအဆိုရှင်များ၏ စင်တင်တေးဂီတအစီအစဉ်များဖြင့် ယခင်နှစ်များနှင့်မတူ အထူးစည်ကားလျက်ရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး လာရောက်လည်ပတ် ပျော်ရွှင်သူများအတွက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ ဒါနကုသိုလ်အဖြစ် မြန်မာ့ရိုးရာအစားအစာများကို စတုဒီသာအဖြစ် ဧည့်ခံကျွေးမွေးပေးခဲ့ကြကြောင်း သိရသည်။