ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှ ယာယီတိုက်ပွဲရှောင်ပြည်သူများအား ထိရောက်မြန်ဆန်စွာ ကူညီထောက်ပံ့နိုင်ရေး ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ညှိနှိုင်းပေါင်းစပ်ဆွေးနွေး

 ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှ ယာယီတိုက်ပွဲရှောင်ပြည်သူများအား ထိရောက်မြန်ဆန်စွာ ကူညီထောက်ပံ့နိုင်ရေး ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် ညှိနှိုင်းပေါင်းစပ်ဆွေးနွေး

မြစ်ကြီးနား     သြဂုတ် ၁၆

          ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု ဆယ်ဇင်းဒေသမှ ယာယီတိုက်ပွဲ ရှောင်ပြည်သူများသည် မြို့နယ်အတွင်းရှိ ကျေးရွာများအသီးသီးမှ ဘာသာရေးအဆောက်အအုံများ တွင် ခေတ္တခိုလှုံနေထိုင်လျက်ရှိသဖြင့် ပြည်နယ်အစိုးရအဖွဲ့မှ ယာယီတိုက်ပွဲရှောင်ပြည်သူများ အား လတ်တလော နေထိုင်စားသောက်မှုအဆင်ပြေစေရေး ကူညီထောက်ပံ့မှုများပေးနိုင်ရေးနှင့် ‌ ပြန် လည်ထူထောင်နိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် သြဂုတ် ၁၆ ရက် မွန်းလွဲ ၁ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဆယ်ဇင်းဒေသမှ မိမိတို့၏ တိုက်ပွဲရှောင်ညီအစ်ကိုမောင်နှမများသည် ‌ဟောင်ပါး၊ တာမခံကျေးရွာများရှိ ဘာသာရေး အဆောက်အအုံများ၊ ဓမ္မာရုံများတွင် ခေတ္တခိုလှုံနေထိုင်လျက်ရှိရာ မိမိတို့အနေဖြင့် တိုက်ပွဲ‌ရှောင် မိသားစုများ၏နေထိုင်စားသောက်မှုအဆင်ပြေစေရေး၊ သက်ကြီးဘိုး/ဘွားများနှင့် ကလေးငယ်များ၏ ကျန်းမာရေးနှင့် ပညာရေးအတွက် အမြန်ဆုံးကူညီထောက်ပံ့ပေးနိုင်ရေး အဖွဲ့အစည်းအသီးသီးနှင့် ညှိနှိုင်းပေါင်းစပ်၍ စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ အမြန်ဆုံးသွားရောက်၍ ထိထိ ရောက်ရောက် ကူညီထောက်ပံ့နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် လေ့လာသုံးသပ်ဆောင် ရွက်သွားကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာန ဆိုင်ရာတာဝန်ရှိများ၊ မိုးညှင်းခရိုင်နှင့် ဖားကန့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ငြိမ်းချမ်းရေး အကျိုးတော်အဖွဲ့(PCG)၊ လူမှုကူညီရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများက ဆယ်ဇင်းဒေသမှ တိုက်ပွဲရှောင်ပြည်သူများအား ယာယီခိုလှုံရာစခန်း (၁၃)ခုတွင် နေထိုင်လျက်ရှိသည့် အခြေအနေများ၊ မိသားစုများ နေထိုင်စားသောက်ရေးအတွက်ကူညီပံ့ပိုးပေးလျက်ရှိသည့်အခြေအနေများ၊ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုများ၊ NGO အဖွဲ့အစည်းများမှ ပူးပေါင်းကူညီ ထောက်ပံ့ပေးသွားမည့်ကိစ္စရပ်များ၊ ကျောင်းသားကလေးငယ်များအတွက် ယာယီခိုလှုံရာစခန်းများ နှင့် အနီးစပ်ဆုံးကျောင်းများတွင် ပညာသင်ကြားနိုင်ရေး စီမံဆောင်ရွက်ပေးသွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။

          ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က နယ်မြေအခြေအနေအရ လတ်တလော အမြန်ဆုံးကူညီထောက်ပံ့မှုနှင့် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး မြို့နယ်ဦးဆောင်ကော်မတီမှ ကြီးကြပ် ဆောင်ရွက်သွားရေး၊ အဖွဲ့အစည်းအသီးသီး၏ ကူညီထောက်ပံ့မှုများ မိသားစုများထံ အမြန် ဆုံးရောက်ရှိကူညီပေးရေးနှင့် မိသားစုများ၏ လိုအပ်ချက်များကိုအချိန်နှင့် တစ်ပြေးညီတင်ပြသွားရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် နံနက်ပိုင်းက အဆိုပါခန်းမ၌ ဆယ်ဇင်းဒေသမှ တိုက်ပွဲ ‌ရှောင်မိသားစုများအား ကူညီထောက်ပံ့မှုပေးနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဆယ်ဇင်းဒေသမှ ပြည်သူများ ယာယီခိုလှုံရာစခန်း များတွင် နေထိုင်လျက်ရှိသည့် အခြေအနေများ၊ လတ်တလော နေထိုင်စားသောက်ရေး၊ ကျန်းမာရေး နှင့် ပညာရေးကဏ္ဍများတွင် ဖြည့်ဆည်းကူညီဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြကာ ကူညီထောက်ပံ့မှုများအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

          အဆိုပါ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၊ ဆယ်ဇင်းဒေသမှ ယာယီတိုက်ပွဲရှောင် ပြည်သူများအား ဟောင်းပါးကျေးရွာ၊ တာမခန်ကျေးရွာ၊ နန့်ရေတောင်ကျေးရွာ၊ ခိုမကျေးရွာ၊ နမ့်ပင်း ကျေးရွာ၊ နမ့်ပါဟုတ်ကျေးရွာ၊ ရွှေတောင်ကျော်ကျေးရွာ၊ ကွမ်းဟဲကျေးရွာ၊ နမ့်မဖြစ်ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဓမ္မာရုံများ၊ ခရစ်ယာန်ဘာသာရေးကျောင်းများ၊ အခြေခံပညာကျောင်း များတွင် အိမ်ထောင်စု ၅၄၅ စု၊ လူဦးရေ ၂၃၁၂ ဦး ယာယီနေထိုင်လျက်ရှိကြောင်းနှင့် အိမ်ထောင်စု တစ်ချို့မှာ ၎င်းတို့၏ နေရပ်များသို့ ပြန်သွားခဲ့သဖြင့် သက်ဆိုင်ရာခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ များက ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။