မြစ်ကြီးနားမြို့ လောကမာရ်အောင်ဆုတောင်းပြည့်စေတီတော်၌ ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲတော်ကျင်းပ

 မြစ်ကြီးနားမြို့ လောကမာရ်အောင်ဆုတောင်းပြည့်စေတီတော်၌ ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲတော်ကျင်းပ

မြစ်ကြီးနား     မေ ၁၄

          မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် ကဆုန်လပြည့်နေ့တွင် မြန်မာ့ရိုးရာအစဉ်အလာမပျက် ကျင်းပသည့် ကဆုန်ညောင်ရေသွန်းပွဲတော်ကို မေလ ၁၄ ရက်နေ့ ညနေပိုင်းတွင် မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ လောကမာရ် အောင်ဆုတောင်းပြည့်စေတီတော်ဝန်းအတွင်း၌ ကျင်းပသည်။

          ရှေးဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဓမ္မာ စင်္ကြာဝတ်အသင်း များက ဗောဓိပင်သတ်မှတ်နေရာ၌ ဗြဟ္မာ၊ နတ်၊ နဂါး၊ ဂဠုန် ရွတ်ဆိုမည့် ဂါထာနှင့် ရှစ်လုံးဘွဲ့ကဗျာ များ  ရွတ်ဆိုကြသည်။ထို့ နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေး စောင့်ရှောက် ရေးအဖွဲ့ဝင်များ၊ ဝတ်အသင်းများ၊လူမှုရေးအဖွဲ့အစည်းများမှ တက်ရောက်လာကြသူများက  ဗောဓိ ညောင်ပင်အား ညောင်ရေသွန်းလောင်း ပူဇော် ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို ရုပ်သိမ်းလိုက်သည်။

          မြစ်ကြီးနားမြို့၌ မိုးရွာသွန်းလျက်ရှိသော်လည်း ညနေပိုင်းတွင် အဆိုပါ ဆုတောင်းပြည့် စေတီ တော်၌ ညောင်ရေသွန်းလောင်းသူပြည်သူများ၊ ဈေးဆိုင်ခန်းငယ်များဖြင့် အထူးစည်ကား လျက်ရှိ သည်။