မြစ်ကြီးနား ဇွန် ၁၂
တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အမျိုးသားဘောလုံးပြိုင်ပွဲတွင် ကချင်ပြည်နယ် ကိုယ်စားပြု လက်ရွေးစင်အမျိုးသားဘောလုံးအသင်းသည် စတုတ္ထဆုကိုရရှိခဲ့သဖြင့် ပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန် ၁၁ ရက် ညနေပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့ကချင်ပြည်နယ်အသင်းအနေဖြင့် ဘောလုံးပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်ထိတက်ရောက်ကာ စတုတ္ထဆုကို ရယူနိုင်ခဲ့သည့်အတွက် ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် ပံ့ပိုးကူညီသူအားလုံးကို ယနေ့အခမ်းအနားဖြင့် ဂုဏ်ပြုပေးခြင်းဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ပြည်နယ်၏ဘောလုံးအားကစားသည် လူငယ်များ၏အရည်အချင်းပိုမိုတိုးတက်လာစေရေးနှင့် အနာဂတ်ပြိုင်ပွဲများတွင် ပိုမိုအောင်မြင်မှုအောင် ဆက်လက်ကြိုးစားကြရန်လိုကြောင်း ဂုဏ်ပြုပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်က စတုတ္ထဆုရ ပြည်နယ်ဘောလုံးအသင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၇၅၀၀၀၀၀ ကို ချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်လက်ရွေးစင်အသင်း နည်းပြက ပြိုင်ပွဲအတွေ့အကြုံများကိုလည်းကောင်း၊ အသင်းအုပ်ချုပ်သူက ကျေးဇူးတင်စကားကိုလည်းကောင်း ပြောကြားခဲ့ကြောင်း သိရသည်။
