ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီး မြစ်ကြီးနားမြို့၌ ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်ရေးနေ့ ပိုစတာစိုက်ထူ၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုချီးမြှင့်နိုင်ရေးညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဇွန်  ၁၂

          ၂၀၂၆ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်ရေးနေ့ အထိမ်းအမှတ် ပိုစတာစိုက်ထူခြင်းကို ပြည်နယ်အလုပ်ရုံနှင့်အလုပ်သမားစစ်ဆေးဦးစီးဌာနကကြီးမှူး၍ ယနေ့ နံနက် ၉ နာရီက အများပြည်သူသွားလာမှုများသည့် မြစ်ကြီးနားမြို့ သခင်နက်ဖေလမ်းပေါ် ပြည်နယ်မီးသတ်ဦးစီးဌာနမီးပွိုင့်၌ ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်ဦးဆောင်၍ ပြည်နယ်အဆင့်တာဝန်ရှိသူများက စုပေါင်းစိုက်ထူခဲ့ကြပြီး ပြည်နယ်ဝန်ကြီးနှင့် တက်ရောက်လာသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက လမ်းသွား/လမ်းလာ ပြည်သူများအား ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်ရေးနေ့အထိမ်းအမှတ် အသိပညာပေးစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်လူမှုဝန်ထမ်းဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပြီး ပြည်နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက ယခုနှစ်တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယခင်နှစ်များထက် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် ပြည်နယ်အတွင်းမှ ကဏ္ဍပေါင်းစုံတွင် ထူးချွန်အမျိုးသမီးများ၊ တိုင်း/ပြည်နယ်အဆင့်များတွင် အားကစားထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုဆု ချီးမြှင့်နိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရန်လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

          ထို့နောက် ကော်မတီအတွင်းရေးမှူး ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းအောင်က အခမ်းအနားကျင်းပသွားမည့်အစီအစဉ်များနှင့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက ကဏ္ဍအလိုက်အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။