ကချင်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက် သွယ်ရေးဝန်ကြီး မြစ်ကြီးနားမြို့၌ စက်သုံးဆီကိုင်တွယ်ထိန်းသိမ်းနည်းသင်တန်းဆင်းပွဲ (၂/၂၀၂၆)သို့ တက်ရောက်

မြစ်ကြီးနား  ဇွန်  ၁၂

          စက်သုံးဆီအရောင်းဆိုင်များတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား စက်သုံးဆီများ စနစ်တကျကိုင်တွယ်ထိန်းသိမ်းတတ်စေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သော စက်သုံးဆီကိုင်တွယ်ထိန်းသိမ်းနည်း သင်တန်းဆင်းပွဲ (၂/၂၀၂၆) ကို ယနေ့ မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ရှိ ရေနံထွက်ပစ္စည်းကြီးကြပ် စစ်ဆေးရေးဦးစီးဌာန၊ ကချင်ပြည်နယ်ကြီးကြပ်စစ်ဆေးရေးရုံးခန်းမ၌ ကျင်းပသည်။

          အဆိုပါ သင်တန်းဆင်းပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်က စက်သုံးဆီအ‌ရောင်းဆိုင်များအနေဖြင့် စက်သုံးဆီများ ကိုင်တွယ်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး၊ မီးဘေးအန္တရာယ်နှင့် မတော်တဆဘေးအန္တရာယ်ကင်းရှင်းစေရန် သတိပြုလိုက်နာဆောင်ရွက်ရမည့်အချက်များကို စနစ်တကျဆောင်ရွက်တက်စေရန် ရည်ရွယ်ရွယ်ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ စက်သုံးဆီများကို အလေအလွင့်မရှိစေရေး၊ စက်သုံးဆီသုံးစွဲသူများထံ ဘေးကင်းစွာရောက်ရှိရေးကို ဂရုပြုအလေးထားဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးက စက်သုံးဆီကိုင်တွယ်ထိန်းသိမ်းနည်းသင်တန်း သင်တန်းသား/ သင်တန်းသူ (၃၆)ဦးနှင့် ထူချွန်သင်တန်းသား/သင်တန်းသူများ(၃)ဦးတို့အား  သင်တန်းဆင်းလက်မှတ်များနှင့် ဆုငွေများကိုပေးအပ်ချီးမြှင့်ပြီး ကချင်ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိ ဦးစိုင်းကြည်ရွှင်က သင်တန်းဆရာများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့သည်။

          ထို့အတူ ပြည်နယ်မီးသတ်ဦးစီးဌာနက အဆိုပါရုံးဝင်းအတွင်း သင်တန်းသား/သင်းတန်းသူများနှင့်အတူ အရေးပေါ် ဆီမီးလောင်မှုနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက်  သရုပ်ပြလက်တွေ့လေ့ကျင့်မှုများအား ကြည့်ရှုအားပေးခဲ့ကြကြေင်းသိရပြီး အဆိုပါသင်တန်းတွင် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များ၊ စက်သုံးဆီကိုင်တွယ်ထိန်းသိမ်းခြင်းနှင့်ပတ်သက်၍ သတိပြုလိုက်နာရမည့် နည်းလမ်းများနှင့် မီးလောင်မှုဖြစ်ပွားနိုင်သော အကြောင်းအရာများနှင့် မီးငြှိမ်းသတ်ခြင်းဆိုင်ရာနည်းလမ်းများအား သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။