(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲ‌နေ့ အထိမ်းအမှတ်အခမ်းအနား မြစ်ကြီးနားမြို့၌ကျင်းပ ဆုရရှိသူများအား ဆုများချီးမြှင့်

 (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲ‌နေ့ အထိမ်းအမှတ်အခမ်းအနား မြစ်ကြီးနားမြို့၌ကျင်းပ ဆုရရှိသူများအား ဆုများချီးမြှင့်

မြစ်ကြီးနား     နိုဝင်ဘာ ၁၇

“နိုင်ငံဘက်စုံဖွံ့ဖြိုးဖို့၊ တိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်စို့” ဆောင်ပုဒ်ဖြင့် ၂၀၂၂ ခုနှစ် (၁၀၂) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို  နိုဝင်ဘာလ ၁၇ ရက် နံနက် ၈ နာရီခွဲက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ရာ  ရှေးဦးစွာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံမှ ပေးပို့သော သဝဏ်လွှာကို ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ဖတ်ကြားသည်။

ထို့နောက် မြစ်ကြီးနားတက္ကသိုလ် သမိုင်းဌာနပါမောက္ခ ဌာနမှူး ‌ဒေါက်တာအမ်ရွယ်နှောင်းက အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအား ဟောပြောပြီး၊ မြစ်ကြီးနားပညာရေးဒီဂရီ ကောလိပ်နည်းပြဆရာမ ဒေါ်ဇင်ယော်မေက အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် တေးသရုပ်ဖော် အကဖြင့်လည်း‌ကောင်း၊ မြစ်ကြီးနားမြို့ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်များက “စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ်”နှင့် “Grai Jaw ai Mungdan” (ကချင်တိုင်း ရင်းသားတေးသီချင်း)ဖြင့်လည်းကောင်း၊ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်း သား ၊ကျောင်းသူများက “ကဗျာလွတ်အက” ဖြင့်လည်းကောင်း ကပြဖျော်ဖြေသည်။

ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှ အေးနှင့် တာဝန်ရှိသူများက (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ဆောင်းပါးပြိုင်ပွဲတို့တွင် ဆုရရှိကြသည့် တက္ကသိုလ်နှင့် အခြေခံပညာ‌ ကျောင်းများမှ ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုငွေများနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ် ချီးမြှင့်ကာ ဆုရ စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့်ဆောင်းပါးများကို နံရံကပ်ဘုတ်ဖြင့် ခင်းကျင်းပြသ ထားရာ ‌လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

အလားတူ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲ‌နေ့ အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်း၌ အားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲနှင့် ဆုချီးမြှင့်ပွဲများအား ကျင်းပလျက်ရှိရာ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ပြိုင်ပွဲတွင်ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။