(၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အခမ်းအနားတွင် မနောအကနှင့်အတူ ဒေသထုတ်ကုန် ပြခန်းများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်

 (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အခမ်းအနားတွင် မနောအကနှင့်အတူ ဒေသထုတ်ကုန် ပြခန်းများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်

မြစ်ကြီးနား     ဒီဇင်ဘာ ၃၀

          ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် ကချင်ပြည်နယ်နေ့ တွင် သဝဏ်လွှာဖတ်ပွဲ၊ မနောအကနှင့်အတူ ဒေသထုတ်ကုန်ပြခန်းများ၊ ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲ များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၃၀ ရက် မွန်းလွဲ ၂ နာရီ က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဦးဆောင် ကျင်းပသည့် စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရှိရသည်။

          အဆိုပါ လုပ်ငန်းအစည်းအဝေးတွင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ‌အောင်ကြည်လင်းက (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားများ ကို ယခင်နှစ်က တွေ့ကြုံခဲ့သည့် အားနည်းချက်/ အားသာချက်များအပေါ် ဆပ်ကော်မတီအသီးသီး အနေဖြင့် လေ့လာသုံးသပ်ပြီး ယခုနှစ်တွင် ပိုမိုကောင်းမွန်စွာ၊ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် နိုင်ရေး လိုအပ်သည်များကို ဝိုင်းဝန်းဆွေးနွေးကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ယင်းနောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားများအတွက် ပြင်ဆင် ဆောင်ရွက်ထားရှိများ၊ ရိုးရာအစဉ်အလာနှင့်အညီ မနောအကဖြင့် ကျင်းပနိုင်ရေး မနောကွင်းငယ် တည်ဆောက်သွားမည့် အစီအမံများ၊ ဇန်နဝါရီ (၉)ရက်နေ့မှ စတင်၍ မနောအကဖြင့် ဖွင့်လှစ်သွား မည့် အစီအမံများ၊ ဒေသထုတ်ကုန်ပြခန်းများ၊ ဌာနဆိုင်ရာပြခန်းများ တည်ဆောက်ထားရှိမှု အခြေ အနေနှင့် မြန်မာ့ရိုးရာလက်ဝှေ့အားကစားတွင် နာမည်ကြီး လက်ဝှေ့သမားများ ခေါ်ယူရေး ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ၊ ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည့် အစီအမံများနှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများအတွက် ဂုဏ်ထူးဆောင် ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သွားမည့် အစီအစဉ်များကို ပြည်နယ်ဝန်ကြီးများ၊ ဆပ်ကော်မတီအသီးသီးမှ ဌာနဆိုင်ရာများနှင့် တိုင်းရင်းသား စာပေနှင့်ရိုးရာ ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ခေါင်းဆောင်များနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိ ရသည်။