ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မဂ္ဂဇင်း စာအုပ်ပြီးမြောက်အောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မဂ္ဂဇင်း စာအုပ်ပြီးမြောက်အောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

မြစ်ကြီးနား     ဒီဇင်ဘာ ၂၈

          ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုကချင် ပြည်နယ်နေ့အထိမ်းအမှတ် ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးထုတ်ဝေသည့် နှစ်ပတ်လည် မဂ္ဂဇင်း အောင်မြင်စွာထုတ်ဝေနိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြသူများအား  ပြည်နယ်ဝန်ကြီးချုပ်က ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းကို ဒီဇင်ဘာ ၂၈ ရက် နံနက် ၉ နာရီတွင် ပြည်နယ်အစိုးရဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ် သည်။

          မဂ္ဂဇင်းစာအုပ်များအပ်နှံပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပွဲတွင် မဂ္ဂဇင်းဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ(ကိုယ်စား)၊ မဂ္ဂဇင်းအယ်ဒီတာချုပ် စာရေးဆရာအကြီးကိုကို(ကသာ)က (၇၅)နှစ် မြောက်စိန်ရတုနှစ် အထိမ်းအမှတ် ကချင်ပြည်နယ်မဂ္ဂဇင်းဖြစ်မြောက်ရေးအတွက် ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပုံနှိပ်ပြီးစီးခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မဂ္ဂဇင်းစာအုပ်များကို ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးလှဌေးနှင့် အယ်ဒီတာအဖွဲ့ဝင် စာရေးဆရာ ဇေယျာညီညီ တို့၏လွှဲပြောင်းအပ်နှံမှုကို လက်ခံရယူခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မဂ္ဂဇင်းဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင်များနှင့် မဂ္ဂဇင်းအတွင်း ထူးချွန်ထင်ရှား ပြည်နယ်သူ/ ပြည်နယ်သားများကဏ္ဍ ဖော်ပြနိုင်ရေး အတွက် မှတ်တမ်းပြုစုပေးခဲ့ကြသောအဖွဲ့ဝင်များကိုယ်စား မြစ်ကြီးနားတက္ကသိုလ်မှပါမောက္ခဌာနမှူး တစ်ဦးသို့ ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ထူးခြားတိုက်ဆိုင်သည့် စိန်ရတုကချင်ပြည်နယ်နေ့ အတွက် ပြည်နယ်၏ အငွေ့အသက်ပုံရိပ်များ၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် မှီငြမ်းကိုးကား သည့် သမိုင်းအထောက်အထားများ၊ လူပုဂ္ဂိုလ်များအကြောင်းပါဝင်သည့် မဂ္ဂဇင်းတစ်အုပ်အဖြစ် အချိန်မီ ထုတ်ဝေနိုင်ရေးအဘက်ဘက်မှ ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြသူများ အားလုံးကို ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး မဂ္ဂဇင်း ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်များနှင့် အယ်ဒီတာအဖွဲ့ဝင် စာရေးဆရာများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

          အလားတူ ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်အတွင်း အသစ်တည်ဆောက်ပြီးစီးခဲ့သော ရတနာတက်ချမ်းဟိုတယ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဟိုတယ်အသစ်ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဥပဒေချုပ်နှင့် ရတနာတက်ချမ်းကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဦးလောဆန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ ဟိုတယ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြ ကြောင်း သိရှိရသည်။