မြစ်ကြီးနား မေ ၁၈
“ နိုင်ငံတစ်နိုင်ငံ၏လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည် ” ဟူသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ပါ ပြဋ္ဌာန်းချက်များကို လက်တွေ့အကောင်အထည်ဖော်ခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၂/၂၀၂၄)တွင် မိမိဆန္ဒအလျောက် စိတ်အားထက်သန်စွာပါဝင် စာရင်းပေးပြီး တာဝန်ထမ်းဆောင်ခဲ့ကြသော ပြည်သူ့စစ်မှုထမ်းများသည် ယခုအခါ သတ်မှတ်စစ်မှုထမ်း ကာလပြည့်မြောက်ခဲ့ပြီဖြစ်သည်။
ထိုသို့စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့သားကောင်းပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ပုံစံ(၁၂)နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ် ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ဗလမင်းထင်ခန်းမ၌ မေလ ၁၈ ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းစစ်သည်များအနေဖြင့် နိုင်ငံတော်ရဲ့လုံခြုံရေးကို တာဝန်ကျေပွန်အောင် ထမ်းဆောင်ခဲ့ကြပြီးဖြစ်သလို ဆက်လက်ပြီးလည်း မိမိတို့နိုင်ငံတော်ကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ပါစေကြောင်း ဂုဏ်ပြုပြောကြားသည်။
ယင်းနောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးက ဂုဏ်ပြုအမှာ စကားထပ်မံပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက တာဝန်ကျေပွန်စွာ ထမ်းဆောင်၍ သတ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်ခဲ့သည့် နိုင်ငံ့သားကောင်းပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေ၊ ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ပုံစံ(၁၂)၊ ပြည်သူ့စစ်မှုထမ်းတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများက နိုင်ငံ့သားကောင်းစစ်သည်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြပြီး တပ်နယ်တပ်ရင်း/ တပ်ဖွဲ့မှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သတ်မှတ်စစ်မှုထမ်းကာလကို တာဝန်ကျေပွန်စွာထမ်းဆောင်ပြီးမြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများနှင့် ၎င်းတို့၏မိသား စုဝင်များနှင့်အတူ အခမ်းအနားသို့ တက်ရောက်လာကြသူများအား လက်ဖက်ရည်ဝိုင်းများဖြင့် ရင်းနှီးနွေးထွေးစွာ တည်ခင်းဧည့်ခံခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြတိုက်များ၏ အခန်းကဏ္ဍကို အများပြည်သူ သိရှိစေရန် ရည်ရွယ်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင်ပြတိုက်များ၏ အဓိက လုပ်ငန်းတာဝန်များမှာ အမွေအနှစ်များကို စုဆောင်းခြင်း၊ ထိန်းသိမ်းကာကွယ်ခြင်း၊ သုတေသန ပြုလုပ်ခြင်းနှင့် လူထုထံ ပြသဖော်ပြခြင်းများကြောင့် သမိုင်းနှင့်ယဉ်ကျေးမှုကို သိရှိနားလည်စေရန်သာမက လူမှုအသိုင်းအဝိုင်းများအကြား လူမှုရေးကွဲပြားမှုများ၊ ယဉ်ကျေးမှုကွာခြားမှုများနှင့် အမြင်အယူအဆမတူညီမှုများကို နားလည်မှုတိုးတက်စေရန် အရေးပါသော အခြေခံတည်ဆောက်ပုံများ ဖြစ်လာပါကြောင်း၊ ထို့အပြင် ပြတိုက်များသည် ယဉ်ကျေးမှုနှင့် လူမှုရေးအကျိုးသက်ရောက်မှုများအပြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများဖြစ်သည့် ခရီးသွားလုပ်ငန်းကို မြှင့်တင်ခြင်း၊ ဒေသခံအလုပ်အကိုင်များ ဖန်းတီးပေးခြင်းနှင့် ယဉ်ကျေးမှုအခြေပြု စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုရရှိနိုင်ပါကြောင်း၊ ပြတိုက်များသည် အတိတ်ကို သိမ်းဆည်းထားသော နေရာများသာမက ယနေ့ကမ္ဘာတွင် ဖြစ်ပေါ် နေသော ကွဲပြားမှုများကို ချိတ်ဆက်ပေါင်းစည်းပေးနိုင်သည့် အရေးပါသောတံတားများဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ကျေးဇူးတင်စကားပြောကြားပြီး ပြည်နယ်ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ပြည်နယ်တာဝန်ခံက မြစ်ကြီးနားပြတိုက်တွင် ရှေးဟောင်းအမွေအနှစ်များ ပြသထားရှိမှုအခြေအနေများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က ပြတိုက်အတွင်း ပြသထားရှိသည့် ပြကွက်များအကြောင်း ဉာဏ်စမ်းဖြေဆိုရာတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။



