မြစ်ကြီးနား အောက်တိုဘာ ၁၅
မျက်မမြင်သူများနှင့် အမြင်အာရုံချို့တဲ့သူများအား အခွင့်အရေး တန်းတူရှိသည့် လူ့အဖွဲ့ အစည်းဝင်များအဖြစ် လေးစားအသိအမှတ်ပြုသည့်အနေဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာ မျက်မမြင် လမ်းလျှောက်တုတ်နေ့ အထိမ်းအမှတ် မျက်မမြင် လမ်းလျှောက်ပွဲကို ယနေ့ နံနက် ၆ နာရီက မြစ်ကြီးနားမြို့၌ သခင်နက်ဖေလမ်း၊ ပြည်သူ့အားကစားကွင်းရှေ့ စုရပ်မှ တာလွှတ်ကြသည်။
လမ်းလျှောက်ပွဲ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်လွှတ် တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် ၎င်းတို့၏ ဇနီးများ တက်ရောက်ခဲ့ကြပြီး မြစ်ကြီးနား၊ မြစ်ကြီးနားခရစ်ယာန် မျက်မမြင် ကျောင်းအုပ်ကြီး ဦးမရန်ဂမ်ဖန်နှင့် ကျောင်းသား/ ကျောင်းသူများ၊ လင်းလက်ကြယ်မျက်မြင် အဖွဲ့တို့မှ မျက်မမြင်များနှင့် အမြင်အာရုံချို့တဲ့သူများ ပါဝင်သည့် လမ်းလျှောက်ပွဲအား စတင်နိုင် ရေး ပြည်နယ်ဝန်ကြီးချုပ်က သေနတ်ပစ်ဖောက် တာလွှတ်ပေးသည်။
ထို့နောက် မျက်မမြင်ကျောင်းအုပ်ကြီးနှင့် ကျောင်းသား/ ကျောင်းသူများ၊ လင်းလက် ကြယ်မျက်မမြင်အဖွဲ့ဝင်များအား ပြည်နယ်/ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၏ အကူအညီဖြင့် သခင်နက် ဖေလမ်းမှ တစ်ဆင့် စိန်းပန်းလမ်း၊ ထိုမှတစ်ဆင့် ဆွမ်ပရာဘွမ်လမ်း၊ ဆမားလမ်းမှ တစ်ဆင့် သခင်နက်ဖေလမ်းအတိုင်း ပြည်သူ့အားကစားကွင်းအတွင်း ပြန်လည်ဝင်ရောက်ကြရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုကြပြီး မုန့်၊ ဖျော်ရည်ဘူးနှင့် ရေသန့်ဘူး များကို ပေးအပ်ကြကာ မိုးလုံလေလုံအားကစားခန်းမ၌ နံနက်စာဖြင့် ဧည့်ခံကျွေးမွေးကြသည်။
ယင်းနောက် နိုင်ငံတကာမျက်မမြင်လမ်းလျှောက်တုတ်နေ့ အထိမ်းအမှတ် အခမ်းအနား ကို အဆိုပါ ခန်းမအတွင်း ကျင်းပပြုလုပ်ရာ မြစ်ကြီးနားခရစ်ယာန်မျက်မမြင်ကျောင်းအဖွဲ့က တေးသီချင်းဖြင့် ဖျော်ဖြေဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ယနေ့သည် မျက်မမြင်များ နှင့် အမြင်အာရုံချို့တဲ့သူများ၏ လွတ်လပ်စွာ သွားလာနိုင်ခွင့်၊ တန်းတူအခွင့်အရေးနှင့် လူမှု အသိုင်းအဝိုင်းအတွင်း အပြည့်အဝပါဝင်နိုင်မှုကို အလေးထား အသိအမှတ်ပြုသည့် နေ့တစ်နေ့ပင် ဖြစ်ပါကြောင်း၊ ယခုလို ကျင်းပပေးခြင်းဖြင့် မျက်မမြင်ပုဂ္ဂိုလ်များအားလုံး၏ စိတ်ဓာတ်အင်အား ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်သည့်အပြင် ကြင်နာမှုအပြည့်အဝနှင့် စာနာထောက်ထား အားပေးချီးမြှင့်ခြင်းပင် ဖြစ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။
