ကချင်ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင် ပြည်နယ်၏ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား မေ ၁၄

          ကချင်ပြည်နယ်၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရေး ရှိပြီးသားသဘာဝအလှအပများ၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုများဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်သည် ယနေ့ မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့ Plan Spring ဟိုတယ်အစည်းအဝေးခန်းမ၌ ဟိုတယ်နှင့် ခရီး သွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။

          ထိုသို့ တွေ့ဆုံရာတွင် ကချင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌဖြစ်သည့် ပြည်နယ်ဝန်ကြီးက ကချင်ပြည်နယ်သည် နိုင်ငံအတွင်း ခရီးသွားလုပ်ငန်းတွင် ထင်ရှားသည့်ပြည်နယ်တစ်ခုဖြစ်ပြီး   သဘာဝတောတောင်ရှုခင်းများ၊ ဌာနေတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များ ပေါကြွယ်ဝသည့် မြန်မာပြည်မြောက်ပိုင်းက ခရီးစဉ်ဒေသတစ်ခုပင်ဖြစ်ပါကြောင်း၊ ယခုအခါ နိုင်ငံတော်အစိုးရအနေဖြင့် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင် မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ဒေသလိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး စီစဉ်ထားရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဒေသတွင်းခရီးသွားလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး ခိုင်မာအားကောင်းလာစေရေး သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ တစိုက်မတ်မတ် ကြိုးပမ်းအကောင်အထည်ဖော်သွားကြရန်နှင့် အမြော်အမြင်ရှိရှိ လုပ်ကိုင်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ကော်မတီအတွင်းရေးမှူး၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးခိုင်ဦးက ဒေသတွင်း ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်၊ တည်းခိုခန်းဆိုင်ရာ ဝန်ဆောင်မှုများ တိုးတက်မြင့်မားလာစေရေး၊ လိုင်စင်များချထားပေးမှုနှင့် နှစ်အလိုက်ခရီးသွားဝင်ရောက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ကချင်ဇုန်)၊ ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းရှင်များ၊ ကချင်ပြည်နယ်ခရီးသွားလုပ်ငန်းရှင်များ အသင်း၊ အမှတ်တရပစ္စည်း ထုတ်လုပ်/ ဖြန့်ဖြူး/‌ ရောင်းချသူများအသင်း (ကချင်ဇုန်)တို့မှ တာဝန်ရှိသူများက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်မှုများ၊ လိုအပ်ချက်များ၊ အခက်အခဲများကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးက တင်ပြဆွေး‌နွေးမှုများနှင့်  လိုအပ်ချက်များအပေါ် ကဏ္ဍအလိုက်ကော်မတီအဖွဲ့ဝင်များနှင့် ပေါင်းစပ်၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။

          ထို့အတူ ပြည်နယ်ဝန်ကြီးသည် နံနက်ပိုင်းကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်တွေ့ဆုံပြီး ဌာနအလိုက် ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်း/ စည်ကမ်းများ၊ လမ်းညွှန်မှာကြားချက်များ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းများနှင့်စပ်လျဉ်း၍ အလေးထားလိုက်နာရမည့်ကိစ္စရပ်များ၊ ဘဏ္ဍာငွေအလေအလွင့်ဆုံးရှုံးမှုမရှိစေရေး အလေးထားဆောင်ရွက်ရမည့် ကိစ္စရပ်များကို သက်ဆိုင်ရာဌာနအလိုက် ဆွေးနွေးဆောင်ရွက်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးက ကဏ္ဍအလိုက်လုပ်ငန်းလိုအပ်ချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။