ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာပြည်မြောက်ဖျား ခေါင်လန်ဖူးမြို့ မီးလင်းရေးအတွက် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး အထန်ချောင်းအား ကြည့်ရှုစစ်ဆေး၊ မြို့ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး ဒေသခံလူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာပြည်မြောက်ဖျား ခေါင်လန်ဖူးမြို့ မီးလင်းရေးအတွက် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး အထန်ချောင်းအား ကြည့်ရှုစစ်ဆေး၊ မြို့ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး ဒေသခံလူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၆

          မြန်မာပြည်မြောက်ဖျား ပူတာအိုခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုး မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ခေါင်လန်ဖူးမြို့သို့ သွားရောက်ပြီး မြို့ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးတို့ အတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

          ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၇ နာရီခွဲက မြန်မာပြည်မြောက်ဖျား ခေါင်လန်ဖူးဒေသသို့ သွားရောက် ခဲ့ကြရာ ရှေးဦးစွာ နောင်မွန်းမြို့နယ်၊ ရပ်ဘော့ကျေးရွာအုပ်စုအတွင်းရှိ ခေါင်လန်ဖူးသွားလမ်းပေါ်ရှိ မဂွေဇတံတား၌ နောင်မွန်းမြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူ ရေးဆောင်ရွက်သော ရပ်ကွက်/ ကျေးရွာများမှ စီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံသည်။

          တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ကျေးလက်နေပြည် သူများ လူမှုစီးပွားဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ် လုပ်မှုများ တိုးတက်မြင့်မားလာစေရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရင်းနှီးမတည်ပေးနေမှု များအပေါ် နောင်မွန်းမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း များကို ပိုမိုဖြစ်ထွန်းအောင်မြင်စေရန်နှင့် မတည်ငွေများ တိုးပွားလာစေရန် ဌာနဆိုင်ရာများနှင့် ဝိုင်းဝန်းပူးပေါင်းကြိုးစားဆောင်ရွက်ကြရေး တိုက်တွန်းပြောကြားကာ ဒေသခံတောင်သူများအတွက် လိုအပ်ချက်ရှိသည့် ဆီစက် (၂)လုံး၊ ခြွေလှေ့စက်(၁)လုံးနှင့် ဝက်မွေးမြူရေးလုပ်ငန်းအတွက် ငွေကျပ် သိန်း ၂၀၀ ထပ်မံမတည်ရင်းနှီးပေးနိုင်ရေး ဌာနဆိုင်များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က နောင်မွန်းမြို့နယ် ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းအတွက် ထောက်ပံ့ငွေ ကျပ် ၁၆ သိန်းနှင့် မြို့နယ်ဌာနဆိုင်ရာများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။

          ထို့နောက် မဂွေဇ – ခေါင်လန်ဖူးလမ်းအတိုင်း ဆက်လက်ထွက်ခွာခဲ့ကြရာ ခေါင်လန်ဖူးမြို့သို့ ညပိုင်းတွင် ရောက်ရှိပြီး ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် ခေါင်လန်ဖူးမြို့၌ ရိပ်သာတည်ဆောက်နိုင်ရေးအတွက် မြေနေရာနှင့် အဆောက်အဦပုံ မူကြမ်းတို့အား အတည်ပြုပေးနိုင်ရေးနှင့် ကြည့်ရှုစစ်ဆေးသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ခေါင်လန်ဖူးမြို့မီးလင်းရေးအတွက် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်ရေး မြို့မိမြို့ဖများနှင့် ဒေသခံများ၏ လိုလားချက်အရ မြို့နှင့် ၂ မိုင်ခွဲ ကျော်ဝေးကွာ သော အထန်ချောင်းသို့ မြို့မိမြို့ဖများနှင့် သွားရောက်ခဲ့ကြပြီး လမ်းခရီးတွင် ဒေသခံများ၏ အဓိက စိုက်ပျိုးရေးထုတ်ကုန်ဖြစ်သည့် ရှာကော်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုနှင့် ဒေသခံပြည်သူ များအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ဆုံခဲ့ကြကာ အထန်ချောင်း၌ ရာသီမရွေး ချောင်းရေစီးဆင်း နိုင်မှုအခြေအနေများ၊ အထန်ချောင်းမှ ရေအားလျှပ်စစ်ထုတ်လုပ်ပါက ၈ မီဂါဝပ်ထုတ်လုပ် ပေးနိုင် မည့်အခြေအနေများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုကို ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ် ခေါင်လန်ဖူးဒေသဖွံ့ဖြိုးရေးအတွက် ရေရှည်လိုအပ်ချက်ဖြစ်သည့် လျှပ်စစ် မီးလင်းရေးကို မဖြစ်မနေ ဖြည့်ဆည်းပေးနိုင်ရေး၊ မြေပြင်အခြေအနေကို စနစ်တကျကွင်းဆင်းတိုင်း တာစစ်ဆေးဆောင်ရွက်သွားရေး လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ခေါင်လန်ဖူးမြို့၌  စည်ပင်သာယာရေး ဌာနမှ တာဝန်ရယူဆောင်ရွက်လျက်ရှိသည့် အခြေခံပညာအထက်တန်းကျောင်းသွားလမ်း ပေ(၂၀၀) အား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ရပ်ကွက် ၃ အတွင်း ခေါင်လန်ဖူး-ဆန်ဒေါင်း ဖီလမ်း အရှည်ပေ (၄၅၀)အား ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး ရပ်ကွက် ၃ အောက်ချိုင့်အတွင်းရှိ မြို့မြေကွက်သစ်တိုးချဲ့နိုင်ရေး ဖော်ထုတ်ထားသည့် မြေဧက(၉.၈၀)ဧကပေါ်တွင် အိမ်ရာ ၃၈ ကွက် ဖြင့် နေရာချထားဆောင်ရွက်သွားမည့်  အခြေအနေ များနှင့် ခေါင်လန်ဖူးမြို့ပတ်လမ်းနှင့် ရပ်ကွက် ၄ အတွင်း မြို့မြေကွက်သစ်အတွက် မြေဧက ၅.၈၀ ဧကပေါ်တွင် အိမ်ရာ ၃၃ ကွက်အတွက် မြေသားတူးဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က မြို့မြေကွက်သစ်များဖော်ဆောင်ရာတွင်  တောင်စောင်းမြို့ဖြစ်သဖြင့် ရေစီးရေလာကောင်းမွန်ရေး ရေတိုက်စားမှုကြောင့် မြေပြိုလျောကျမှု များမဖြစ်ပေါ်စေရေးအတွက် အလေးထားလုပ်ဆောင်ကြရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။

          ယင်းနောက် ရဝမ်အမျိုးသားဥယျာဉ်ကွင်းအတွင်း ရှေးဘိုးဘွားများ၏ ခြေရာကျောက်ဖျာနှင့် ဓား၊ လှံသွေးသည့် နေရာများအား ထိန်းသိမ်းဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြသည်။

          ထို့နောက် ဂီထော့တောင်ခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ ဆုံပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသနေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် လာစေရေး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဌာနဆိုင်ရာများနှင့် ဒေသခံများ ပူးပေါင်း၍ ကြိုးပမ်း ဆောင်ရွက်ကြရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မတည်ရင်းနှီးပေးလျက်ရှိသည့် လုပ်ငန်းများ အမှန်တကယ်အကျိုးရှိ အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်သွားရေး တိုက်တွန်းမှာကြားသည်။

          ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မြို့ဆိုင်ရာအချက်အလက်များနှင့် မြို့နယ် အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစီမံကိန်းများ အခြေ အနေနှင့် ထပ်မံမတည်ပေးနိုင်ရေး ဒေသခံများ တင်ပြလာမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက စိုက်ပျိုးမွေးမြူရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ နည်းစနစ် တကျဖြစ်စေရေး ဆွေးနွေးဟောပြောခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ခေါင်လန်ဖူးဒေသအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် စုစုပေါင်းတန်ဖိုးငွေကျပ် (၁၆၄၅၀၀၀)ကျပ် တန်ဖိုးရှိ ခြင်ထောင် (၅၀)ထည်၊ ဆပ်ပြာထောင့် (၅၀)၊ ရေနွေးအိုးအလုံး (၅၀)၊ ပလပ်စတစ်ရေပုံး(၅၀)နှင့် ဓားအချောင်းရေ(၅၀)တို့ နှင့် ရဝမ်နှင့်လီဆူတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအတွက် ထောက်ပံ့ငွေကျပ် ၂ သိန်းစီ ဖြင့် စုစုပေါင်းငွေကျပ် ၄ သိန်း၊ ခေါင်လန်ဖူးဒေသရှာကော် စိုက်ပျိုးရေးအတွက် ပျိုးပင် ပေါက်များ ဖြန့်ဝေနိုင်ရေးအတွက် ငွေကျပ် ၅ သိန်းနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဝက်မွေးမြူရေး ဆောင်ရွက်သည့်တောင်သူများအတွက် တိရိစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေးဝါးများနှင့် မွေးမြူရေး အထောက်အကူပြုဆေးဝါးများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ သည် ခေါင်လန်ဖူးဘောလုံးကွင်း၌ မြို့ခံဘောလုံးအသင်းနှင့် ချစ်ကြည်ရေးဘောလုံးပွဲကို ကျင်းပပြု လုပ်ခဲ့ကြပြီး ဂုဏ်ပြုချီးမြှင့်ငွေများကို ချီးမြှင့်ပေးအပ်ခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ခေါင်လန်ဖူးမြို့မှ ပြန်လည်ထွက်ခွာခဲ့ကြပြီး ရီဒမ်းကျေးရွာ၌ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁)မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် မဂွေဇ-ခေါင်လန်ဖူးလမ်းပေါ်ရှိ တံတားအမှတ် (၁/၄၄) ရီဒမ်းတံတားသစ် တည်ဆောက်ရေးစီမံကိန်း၌ ပြည်ထောင်စုရန်ပုံငွေဖြင့် မေခမြစ်ပေါ်တွင် အရှည်ပေ ၆၀၀ ရှိ တံတား သစ်အား စတင်တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတစ်ဆင့် ပူတာအို-နောင်မွန်းလမ်းပေါ်ရှိတိမ်ပင်လယ်ဗျူးပွိုင့်နေရာ၌ စည်ပင်သာယာရေး အဖွဲ့မှ ဗျူးပွိုင့်နေရာအား  သန့်ရှင်းသာယာလှပစေရေး မြေယာရှုခင်းပြုပြင်၍ အလှပန်းပင်များ၊ ကွန်ကရစ်ထိုင်ခုံများဖြင့် အဆင့်မြင့်တင်ဆောင်ရွက်သွားမည့် အစီအမံများနှင့် စပ်လျဉ်း၍ တာဝန်ရှိ သူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆောင် ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။