မြစ်ကြီးနား မတ် ၁၄
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် မတ်လ ၁၁ ရက်နေ့ကစတင်ကျင်းပလျက်ရှိရာ ကချင်ပြည်နယ်အတွင်း၌လည်း တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနစုစုပေါင်း ၂၃ ခု ဖွင့်လှစ်၍ ကျင်းပပြုလုပ်လျက်ရှိပြီး ယနေ့စာမေးပွဲစတုတ္ထနေ့အဖြစ် ဓာတုဗေဒ ဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ် ဖြေဆိုလျက်ရှိရာ ပြည်နယ်ဝန်ကြီး ချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ပေါ် စာစစ်ဌာနများ၌ တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာ ကျင်းပပြုလုပ်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ပြည်နယ်ပညာရေးမှူး၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများနှင့်အတူ တာဝန်ကျလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကြို/ပို့ယာဉ်များ၊ မော်တော်ဆိုင်ကယ်ဖြင့် လာရောက်သည့် ကျောင်းသား/ ကျောင်းသူများအား ဘေးကင်းလုံခြုံစွာလာရောက်နိုင်ရေး ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် စစ်ဆေးဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူများ ဘေးန္တရာယ်ကင်းရှင်းလုံခြုံစွာဖြင့် စာဖြေနိုင်ရေး တာဝန်ရှိသူ များက စနစ်တကျကူညီဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ စာမေးပွဲကြီးကြပ်ရေးမှူးရုံးခန်း၌ တာဝန်ကျ ဆရာ/ ဆရာမများနှင့်တွေ့ဆုံကာ စာစစ်ဌာန၌ အဆိုပါ ကျောင်းအပါအဝင် အ.ထ.က(ခွဲ) လ-၃ ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းများဖြစ်သည့် မင်းပျိုအိမ်၊ စေတနာဦး၊ All Star ကိုယ်ပိုင်အထက်တန်းကျောင်းတို့မှ ကျောင်းသား/ ကျောင်းသူဦးရေ ၅၉၅ ဦးတို့အတွက် စာမေးပွဲလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်နေမှုအခြေအနေများနှင့် ကျောင်းသား/ကျောင်းသူများ စာဖြေခန်းများအတွင်း စာမေးပွဲအေးချမ်းစွာဖြေဆိုနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးရေးအဖွဲ့ရုံးခန်း ဖွင့်လှစ်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရန်လိုကြောင်း မှာကြားခဲ့ကာ ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြသည်။
ယင်းနောက် မွန်းတည့် ၁၂ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ တာဝန်ရှိသူများသည် အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့ သွားရောက်ခဲ့ကြပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တို့ကို အေးချမ်းစွာဖြေဆိုပြီး ပြန်လည်ထွက်ခွာလာခဲ့ကြသော ကျောင်းသား/ ကျောင်းသူများ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များနှင့်အတူ ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြပြီး အာဟာရဖြစ်စေသည့် အစားအစာမုန့်နှင့် ဖျော်ရည်ဘူးများကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ် စာမေးပွဲကို ကချင်ပြည်နယ်အတွင်း စာစစ်ဌာန(၂၃)ခုဖြင့် ကျင်းပပြုလုပ်လျက်ရှိပြီး စာရင်းရှိ ကျောင်းသား/ ကျောင်းသူဦးရေ ၁၂၁၈၀ ဦးအနက် ဓာတုဗေဒဘာသာရပ်၌ ဖြေဆိုသူ ဦးရေ စုစုပေါင်း ၉၄၁၇ ဦး၊ ပထဝီဝင်ဘာသာရပ်၌ ဖြေဆိုသူဦးရေ (၂၂၀၈)ဦးရှိကြောင်းနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးစာမေးပွဲတွင် စာစစ်ဌာန (၃)ခု၌ ယနေ့စာမေးပွဲ စတုတ္ထနေ့တွင် ပေါင်း စပ်သိပ္ပံနှင့် သီးနှံထုတ်လုပ်ရေး (၃) ဘာသာရပ်အတွက် စာရင်းရှိဦးရေ စုစုပေါင်း (၁၆၅)ဦးတွင် ကျောင်းသားအားလုံး ဖြေဆိုလျက်ရှိကြောင်း သိရသည်။




