ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးဆောင်၍ ဝိုင်းမော်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ ကြေညာ ချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်းရှိ/မရှိနှင့်ဓာတ်သတ္တု (ရွှေ)အရောင်းဆိုင်များ ညွှန်ကြားချက်နှင့်အညီရောင်းချခြင်း ရှိ/ မရှိနှင့် ခတ်ချိုရွာတွင်း လမ်းများအဆင့်မြှင့်တင်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား မတ် ၁၄

           ကချင်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှု မဖြစ်ပေါ်စေရေး၊ ဖူလုံမှုရှိစေရေး၊ ခြိုးခြုံချွေတာနိုင်ရေးနှင့် အများပြည်သူစိုးရိမ်ကြောင့်ကြမှုမရှိစေရေး စနစ်တကျစီမံဆောင်ရွက်နိုင်ရေးနှင့် ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများအား ထုတ်ပြန်ကြေညာချက်များ၊ ခွင့်ပြုချက်များနှင့်အညီ ရောင်းဝယ်ဖောက်ကားခြင်း ရှိ/မရှိတို့အား ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ကော်မတီအဖွဲ့ဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းက ဝိုင်းမော် မြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် ဝိုင်းမော်မြို့နယ်အတွင်း မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီး နားလမ်းပေါ်ရှိ မိုင်းနားကျေးရွာအုပ်စုအတွင်း စက်သုံးဆီဆိုင်များဖြစ်သည့် ဟိန်းအောင်စက်သုံးဆီအရောင်းဆိုင်၊ နိုင်းစတားစက်သုံးဆီအရောင်းဆိုင်၊ King စက်သုံးဆီအရောင်ဆိုင်နှင့် တိုက်ဝါ စက်သုံးဆီဆိုင်အရောင်းဆိုင်တို့အား ဆပ်ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ စက်သုံးဆီပုံမှန်ရောင်းချနေမှုအခြေအနေများနှင့် သိုလှောင်ကန်များအတွင်းရှိ စက်သုံးဆီ လက်ကျန်များနှင့်  Auto Tank Gauge (ATG)များအား စစ်ဆေးတိုင်းတာဆောင်ရွက်ခြင်း၊ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး သတ်မှတ်ချက်များနှင့်အညီ စစ်ဆေးဆောင်ရွက်ခဲ့ကြပြီး ပြည်သူများမလိုအပ်ဘဲ တန်းစီဝယ်ယူမှုမရှိစေရေးအတွက် ပုံမှန်ရောင်းချပေးရေးနှင့် စက်သုံးဆီအရောင်းဆိုင်များ ရောင်းချပေးခြင်းမရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် အဆိုပါအရောင်းဆိုင်များအား ပိတ်သိမ်းစေမည်ဖြစ်ကြောင်း  စသည့်ကြေညာချက်များကို အသိပေးနှိုးဆော်စေခြင်း၊ ဆီဆိုင်များတွင် အဆိုပါကြေညာချက်များ ကပ်ထားပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ထို့အတူ ပြည်နယ်ဝန်ကြီးသည် ပြည်နယ်ဓာတ်သတ္တု(‌ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း ကနဦးစီစစ်ရေးအဖွဲ့ဝင်များနှင့်အတူ ဝိုင်းမော်မြို့၊ ရပ်ကွက်(၁)အတွင်းရှိ ရွှေမြို့တော်ရွှေဆိုင်၊ ဒေါ်ဝင်းရွှေ အာမခံရွှေဆိုင်၊ မင်း ရွှေပန်းတိမ်နှင့် ရွှေဆိုင်၊ ရွှေသစ္စာရွှေဆိုင်၊ သိင်္ဂီရွှေဆိုင်များအား လက်ဝတ်ရတနာများ၊ ရွှေနှင့်‌ရွှေကြမ်းဖြင့်ပြုလုပ်သော အနုပညာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများအား သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အမိန့်/ ညွှန်ကြားချက်များ၊ ခွင့်ပြုချက်နှင့်အညီ ရောင်းချခြင်း ရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက ညွှန်ကြားချက်များနှင့်အညီ ရောင်းဝယ်ဖောက်ကားရေး၊ ညွှန်ကြားချက်များအပေါ် လိုက်နာဆောင် ရွက်ခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်ခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ကြရေး သက်ဆိုင်ရာတာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးသည် ဝိုင်းမော်မြို့နယ် စည်ပင်သာယာအဖွဲ့ အမှုဆောင်အရာရှိ၊  အရာထမ်း/ အမှုထမ်းများနှင့်အတူ ဝိုင်းမော်မြို့ ခတ်ချိုကျေးရွာအတွင်းရှိ ရွာတွင်းလမ်း၊ လမ်းသွယ် ၄ ရှမ်းနှစ်ခြင်းဘုရားကျောင်းသွားလမ်း အရှည် ၁၃၂၀၀ ပေအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးနှင့် လမ်းသွယ် (၅) အရှည် ၆၀၀ ပေရှိ သဲကျောက်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး မြေပြင်အခြေအနေကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပြီး လာမည့်ဘဏ္ဍာနှစ်အတွင်း လျာထားတင်ပြနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။