ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မြစ်ကြီးနားမြို့၌ ဂေါက်သီးရိုက်ပြိုင်ပွဲ၊ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံသစ်ဖွင့်ပွဲများ နှင့် အာရှဘောလုံးအဖွဲ့ချုပ်အသိအမှတ်ပြုဖူဆယ်နည်းပြသင်တန်းဆင်းပွဲသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် မြစ်ကြီးနားမြို့၌ ဂေါက်သီးရိုက်ပြိုင်ပွဲ၊ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံသစ်ဖွင့်ပွဲများ နှင့် အာရှဘောလုံးအဖွဲ့ချုပ်အသိအမှတ်ပြုဖူဆယ်နည်းပြသင်တန်းဆင်းပွဲသို့ တက်ရောက်

မြစ်ကြီးနား     မတ် ၁၉

          ၂၀၂၃ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ မြစ်ကြီးနားမြို့၌ ဂေါက်သီးရိုက် ပြိုင်ပွဲ ၊ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံသစ်ဖွင့်ပွဲများကို မတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားများသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ဖွင့်လှစ် ပေးခဲ့သည်။

          ရှေးဦးစွာ မတ် ၁၈ ရက် နံနက် ၆ နာရီခွဲက (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို Northern Star ဂေါက်ကလပ်၌ ကျင်းပပြုလုပ်ရာ ဂေါက်သီးရိုက်ပြိုင်ပွဲ စတင်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကိုကိုမောင်နှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြစ်ကြီးနားဂေါက်ကလပ်အတွင်းရေးမှူး၊ငြိမ်းချမ်းရေးအကျိုးတော်ဆောင် အဖွဲ့ဝင် ဦးလမိုင်ခွန်ဂျာတို့က မီးခိုးဘောလုံးကို ရိုက်၍ စတင်ဖွင့်လှစ်ပေးခဲ့ကြပြီး ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင် ၂၂ သင်းမှ ဂေါက်သီးရိုက်အားကစားသမားများအား ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

          အလားတူ (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မတ် ၁၉ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့ သီတာရပ်ကွက်၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနဝင်း အတွင်း ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေ သိန်း(၅၀၀၀)ဖြင့် အသစ်တည်ဆောက်ပြီးစီးခဲ့ သော ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံသစ် ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများနှင့်အတူ တက်ရောက်ခဲ့ကြသည်။

          ဖူဆယ်အားကစားရုံသစ်ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ် တွင် ပထမဦးဆုံးအဆင့်မြင့်ဖူဆယ်အားကစားရုံအဖြစ် ဂုဏ်ယူဖွယ်ရာ ဖွင့်လှစ်နိုင်တော့မည်ဖြစ်သကဲ့ သို့ ပြည်နယ်၏ ဖူဆယ်အားကစားနည်း အဆင့်အတန်းတိုးတက်မြင့်မားရေးအတွက် အထောက်အကူ ပြုနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဖူဆယ်အားကစားရုံ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်သည့်အပြင် ပြည်နယ်နှင့် နိုင်ငံတော်အတွက် နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားသမားများ မွေးထုတ်ပေးကြရန် လိုအပ်ပါကြောင်း တိုက်တွန်း မှာကြားသည်။

          ယင်းနောက် ငြိမ်းချမ်းသာယာ ဖူဆယ်အားကစားရုံသစ်ကို ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် ဦးမျိုးဆွေ၊ ဦးဝင်းရဲထွန်း၊ ဦးကျော်မင်းခိုင်နှင့် အားကစားရုံအား တာဝန်ယူတည်ဆောက်ပေးခဲ့သည့် ရှဝါနန်ကုမ္ပဏီ ဒါရိုက်တာ ဦးမျိုးမြင့်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ငြိမ်းချမ်းသာယာဖူဆယ် အားကစားရုံဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကာ ဖူဆယ်အားကစားရုံသစ်အတွင်း ဖူဆယ် အခင်းဆိုးပြားများ ခင်းကျင်းထားမှု၊ အထူးတန်းနှင့် ရိုးရိုးတန်းပွဲကြည့်စင်များ၊ နားနေခန်းများဖြင့် ဖွဲ့စည်းတည်ဆောက်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထို‌နောက် အားကစားရုံသစ်ဖွင့်ပွဲအထိမ်းအမှတ် ပြည်နယ်လက်ရွေးစင်အသင်းဟောင်းအား ကစားသမားများ ပါဝင်သည့် ဘောလုံးအသင်းများ၏ သရုပ်ပြယှဉ်ပြိုင်ကစားမှုများနှင့် တိုင်းရင်းသား တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဖွင့်ပွဲတွင် ပါဝင်ကူညီခဲ့ကြသော တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ရိုးရာအကအဖွဲ့များ၊ ဘင်ခရာအဖွဲ့နှင့် ဖူဆယ်သရုပ်ပြ ကစားခဲ့ကြသည့် ဘောလုံးအသင်းတို့အတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြကာ ကုမ္ပဏီထံမှ ဖူဆယ်အားကစားရုံ လွှဲပြောင်းအပ်နှံမှုကို လက်ခံရယူခဲ့ကြသည်။

          ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် မတ် ၁၈ ရက် ညနေပိုင်းက ပြည်နယ်အားကစားနှင့်ကာ ယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဖူဆယ်နှင့်သဲသောင်ပြင်ဆပ်ကော်မတီနှင့် ပြည်နယ်ဖူဆယ်ဆပ်ကော်မတီတို့ ပူးပေါင်း၍ မတ်လ ၁၃ ရက်နေ့မှစတင်ဖွင့်လှစ်ခဲ့သည့် အာရှဘောလုံးအဖွဲ့ချုပ်အသိအမှတ်ပြု ဖူဆယ်နည်းပြသင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

          သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသားများအနေဖြင့် သင်ကြားရရှိခဲ့ သည့် အတွေ့အကြုံများကို မိမိတို့မြို့နယ်များတွင် ပြန်လည်ရောက်ရှိသည့်အခါ  ပြည်နယ်၏ ဖူဆယ် အာကစားနည်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လက်တွေ့ကျကျ အသုံးချသွားရန်လိုအပ်သကဲ့သို့ ထူးချွန် ထက်မြက်သည့် အားကစားသမားများ မွေးထုတ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်သွားရန် အလေး အနက်ထားတိုက်တွန်းလိုကြောင်း မှာကြားပြီး နည်းပြများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် အမှတ်တရလက်ဆောင်များကို ပေးအပ်ခဲ့သည်။

          ဆက်လက်၍ ပြည်နယ်ဖူဆယ်ဆပ်ကော်မတီဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌတို့က သင်တန်းသား၂၂ ဦးတို့အတွက် သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့ကြပြိး သင်တန်းနည်းပြတစ်ဦးက ကျေးဇူး တင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။