မြစ်ကြီးနား ဒီဇင်ဘာ ၁၄
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံသွေးလှူရှင်များနေ့ အထိမ်းအမှတ်အခမ်းအနားကို ကချင်ပြည်နယ်စေတနာသွေးသန့်သွေးလှူရှင်များအသင်းက ကြီးမှူး၍ ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပြီး အကြိမ်(၁၀၀)နှင့်အထက် သွေးလှူရှင်များ အပါအဝင် (၁၀)ကြိမ်နှင့်အထက် ပုံမှန်သွေးလှူရှင်များအား ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီး ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာသွေးသန့်သွေးလှူရှင်များ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ယနေ့မျက်မှောက်ကာလတွင် ရောဂါအသစ်အဆန်းများ ပေါ်လာသည်နှင့်အမျှ လူနာများကို ဆေးကုသရာတွင် သွေးသည် မရှိမဖြစ်လိုအပ်လာပါကြောင်း၊ ထို့ကြောင့် သွေးသည် အသက်၊ အသက်သည် သွေးဖြစ်သည့်အတွက် စေတနာသွေးလှူရှင်များ၏ကဏ္ဍသည် ပိုမိုအရေးကြီးလာပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့အခမ်းအနားတွင် အကြိမ်(၁၀၀)နှင့်အထက် သွေးလှူရှင် (၄)ဦးနှင့် ပုံမှန်သွေးလှူရှင်များကိုပါ ဂုဏ်ပြုခြင်းပင်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မွန်မြတ်သည့်အလှူရှင်များဖြစ်သည့် စေတနာ့သွေးသန့်သွေးလှူရှင်များကို ဂုဏ်ပြုချီးမြှင့်ရသည့်အတွက် အထူးပင်ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ဂုဏ်ပြုပြောကြားသည်။
ထို့နောက် ပြည်နယ်စေတနာ့သွေးသန့်သွေးလှူရှင်အသင်း ဥက္ကဋ္ဌ ဦးဂဲနက်စ်က ကြိုဆိုနှုတ် ခွန်းဆက်စကားနှင့် ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က အသင်းအတွက် အလှူငွေကျပ် ၅၅ သိန်းနှင့် အလှူရှင်များကလည်း အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက စေတနာသွေးသန့်သွေးလှူရှင် အကြိမ်(၁၀၀)နှင့်အထက် သွေးလှူရှင် (၄) ဦးအပါအဝင် အကြိမ် (၄၀)နှင့်အထက် သွေးလှူရှင် (၈)ဦးနှင့် (၁၀)ကြိမ်နှင့်အထက် သွေးလှူရှင်များအားဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် အမှတ်တရဂုဏ်ပြုလက်ဆောင်များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင်န့ တက်ရောက်လာသူများသည် ခန်းမအတွင်း မြန်မာနိုင်ငံသွေးလှူရှင်များနေ့အထိမ်းအမှတ် ကုတင်-၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်ဌာနမှ ကျန်းမာရေးဝန်ထမ်းများ၏အကူအညီဖြင့် မြစ်ကြီးနားမြို့ပေါ်ရှိ အဖွဲ့အစည်းအသီးသီးမှ စေတနာ့သွေးသန့်သွေးလှူရှင်များ၏ စုပေါင်းသွေးလှူဒါန်းနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး သွေးလှူရှင်များအား ခွန်အားဖြည့်ဆေးဝါးပစ္စည်းများနှင့် အစားအသောက်များကို ချီးမြှင့်ပေးအပ်ခဲ့ ကြသည်။
ထို့အပြင် ယမန်နေ့ မွန်းလွဲ ၂ နာရီကလည်း ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်သည့် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းတွင်း အားကစားပြိုင်ပွဲများ ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက် အားပေး၍ ဆုများချီးမြှင့်ခဲ့ကြသည်။
ရှေးဦးစွာ ကျောင်းတွင်းအားကစားပြိုင်ပွဲဖြစ်သည့် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် ဘုရင့်နောင်အသင်းနှင့် ဗန္ဓုလအသင်းတို့၏ အကြိတ်အနယ် ယှဉ်ပြိုင်ကစားနေမှုများအား ပညာရေးကောလိပ်သင်တန်း သား/ သင်တန်းသူများ၊ ဖူဆယ်ဘောလုံး ချစ်ပရိတ်သတ်များနှင့်အတူ ကြည့်ရှုအားပေးခဲ့ရာ ဗန္ဓုလအသင်းက (၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပညာရေးကောလိပ်ကျောင်းသူလေးများ၏ Physical Fitness Dance ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က အားကစားပြိုင်ပွဲများဖွင့်ပွဲတွင် သရုပ်ပြဖျော်ဖြေရေးအကအဖွဲ့နှင့် Fitness Dance သရုပ်ပြအကအဖွဲ့တို့အား ချီးမြှင့်ငွေကျပ် (၁၂) သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်မှကျောင်းအုပ်ဆရာမကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အမျိုးသား (၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲတို့တွင် နေရာအလိုက်အကောင်းဆုံးဆုရရှိသူများ၊ ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသော အသင်းများအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ၌ ပထမဆုရ ဗန္ဓုလအသင်းအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဆုဖလားတို့အား ချီးမြှင့် ပေးအပ်ခဲ့ကြောင်းသိရသည်။







