ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝန်ကြီးချုပ်ဖလား အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ၂၀၂၃ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှု ပြည်နယ်အဆင့် အခမ်းအနားနှင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝန်ကြီးချုပ်ဖလား အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ၂၀၂၃ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှု ပြည်နယ်အဆင့် အခမ်းအနားနှင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်

မြစ်ကြီးနား     သြဂုတ် ၁၈

          ကချင်ပြည်နယ်၏ ဖူဆယ်ဘောလုံးအားကစားနည်းဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူငယ်ကစား သမားများလေ့ကျင့်မွေးထုတ်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (အလွတ်တန်း) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၁၈ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်းရှိ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်သည်။

          ဖွင့်ပွဲ အခမ်အနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဖူဆယ်အားကစားနည်းဖွံ့ဖြိုး တိုးတက်စေရေးအတွက် စဉ်ဆက်မပြတ် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အမှန်တကယ် အရည် အချင်းရှိသည့် ဖူဆယ်အားကစားသမားများကို ဘက်မလိုက်တမ်း ရွေးချယ်သတ်မှတ်ပြီး စခန်းသွင်း လေ့ကျင့်ပေးကြရန် တာဝန်ရှိသူများကို မှာကြားလိုပါကြောင်း၊ ကစားသမားများအနေဖြင့်လည်း မိမိတို့ကလပ်၊ မြို့နယ်အဆင့်လောက်ဖြင့် ကိုယ်စားပြုကစားနေရုံနှင့် ကျေနပ်မနေကြဘဲ ပြည်နယ် လက်ရွေးစင်အဖြစ် ဂုဏ်ယူဝံ့ကြွားစွာ ပေးဆပ်ကစားကြရန် လိုကြောင်း၊ မိမိတို့အနေဖြင့် ပြည်နယ် အတွင်း အားကစားနည်းအလိုက်ပြိုင်ပွဲများ စဉ်ဆက်မပြတ်ကျင်းပနိုင်ရေး၊ လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးရေးအတွက် ပိုမိုအားပေးမြှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြိုင်ပွဲဝင်ဖူဆယ်ဘောလုံးအသင်း ၂၄ သင်းမှ အားကစားသမားများနှင့် အသင်း အုပ်ချုပ်သူ၊ နည်းပြများအား ရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး ဖူဆယ်ဘောလုံးပြိုင်ပွဲ အတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ကာ အဖွင့်ပွဲစဉ်အဖြစ် ဂျိမ်းဖော့ဧရာနှင့် Zayar FC ဘောလုံးအသင်းတို့၏ ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

          ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး သင်တန်း ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်များ ပြည်နယ်အဆင့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်သည်။

          အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အဓိကဆောင်ရွက်ရန် လိုအပ်သည့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြည်သူလူထုအသိပညာတိုးတက်စေရန်နှင့်မိခင်နို့တစ်မျိုးတည်း စနစ်တကျ တိုက်ကျွေးနိုင်ရေး၊ မိခင်နို့ကောင်းမွန်စွာ တိုက်ကျွေးနိုင်သည့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရေး၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသိပညာပေးမှု မြှင့်တင်ဆောင်ရွက်နိုင်ရေး မိသားစု၊ လုပ်ဖော်ကိုင်ဖက်၊ သက်ဆိုင်ရာဝန်ကြီးဌာနများအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရေး တိုက်တွန်းမှာကြားသည်။

          ထို့နောက် ကမ္ဘာ့မိခင်နိုင့်တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှု အသိပညာပေး ဗီဒီယိုကလစ်အား ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်နန်ဆိုင်းတို့က ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရများ ပေးဝေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများ၊ ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ အမှတ် (၁)မူလတန်းကြိုကျောင်းမှ ကလေးငယ်များအား ဗီတာမင်အေဆေးများ တိုက်ကျွေးခဲ့ကြကာ ကလေးငယ်များအတွက် အမှတ် တရလက်ဆောင်များကို ပေးအပ်ခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အခမ်းအနားအထိမ်းအမှတ် အာဟာရ ဖွံ့ဖြိုးရေး အသိပညာပေးပြခန်းငယ်ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

          အလားတူ နံနက် ၁၀ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ် မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် ပြည်နယ်အဆင့် ပြိုင်ပွဲကျင်းပပြုလုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

          ထိုသို့ လုပ်ငန်းညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုနှစ် (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ယခင်နှစ်များနှင့်မတူဘဲ ထူးခြားဆန်းပြားစွာ ကျင်းပပြုလုပ် သွားမည်ဖြစ်သည့်အတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ယှဉ်ပြိုင်ရမည့်အမျိုးအစားများအလိုက် ခက်ခဲ၊ သိမ်မွေ့၊ နက်နဲ့သည့်အဆင့်များ ပါဝင်သလို မြန်မာ့ရိုးရာယဉ်ကျေးမှု အဆင့်တန်းကောင်းများကို ပုံဖော်၊ ထုဆစ်ရသည့်အတွက် ဂရုစိုက်ပြင်ဆင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲမဝင်ခင် ပြည်နယ်အဆင့်ပြိုင်ပွဲ ကျင်းပပြုလုပ်ရာတွင်လည်း အဆင့်အတန်းရှိရှိ၊ ဂုဏ်သိက္ခာမြင့်မားစွာ ကျင်းပ ပြုလုပ်နိုင်ရေး ဆပ်ကော်မတီအသီးသီးအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင် က ယခင်နှစ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့မှု အခြေအနေများနှင့် ယခုနှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင် ရေး ကြိုတင်ဆောင်ရွက်သွားမည့်ကိစ္စရပ်များနှင့် ပြည်နယ်အဆင့်ပြိုင်ပွဲ ကျင်းပပြုလုပ်သွားမည့် အခြေအနေများကိုလည်းကောင်း၊ ဦးစီးကော်မတီဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်လေးနှင့် မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်တို့က ဘဏ္ဍာငွေသုံးစွဲမှု ဆိုင်ရာကိစ္စရပ်များ၊ ဗဟိုအဆင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး စိစစ်ရွေးချယ်ဆောင်ရွက်သွားမည့် အစီအမံများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မြို့နယ်အဆင့်လူရွေးချယ်ရေးနှင့် ခရိုင်အဆင့် ပြိုင်ပွဲ ကျင်းပ ပြုလုပ်ပြီး ပြည်နယ်အဆင့်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊  ပြည်နယ်ကိုယ်စားပြုအသင်း ရွေးချယ် နိုင်ရေး ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ပြိုင်ပွဲအမျိုးအစားအားလုံးဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး၊ လီဆူတိုင်းရင်းသားအကဖြင့် ပါဝင်ဖျော်ဖြေနိုင်ရေး ကြိုတင်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရသည်။