ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ် ဘာသာရပ်ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်၊ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ် ဘာသာရပ်ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်၊ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

မြစ်ကြီးနား     မတ် ၁

          ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြစ်ကြီးနားတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံး ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၈ ရက်နေ့က စတင်၍ အသင်းပေါင်း ၁၂ သင်းဖြင့် တက္ကသိုလ်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဖေဖော်ဝါရီ ၂၉ ရက် မွန်းလွဲ ၂ နာရီက နောက်ဆုံးဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

          ဗိုလ်လုပွဲစဉ်အဖြစ် သမိုင်းဘာသာအသင်းနှင့် မြန်မာစာနှင့်ဒဿနိကတို့ ပူးပေါင်းထားသည့် မလိဧရာဘောလုံးအသင်းတို့၏ ယှဉ်ပြိုင်ကစားကြမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် ၎င်းတို့၏ ဇနီးများ၊ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချူပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပါမောက္ခဌာနမှူးများ၊ ကျောင်းသား/ ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ရာ ပယ်နယ်တီအဆုံးအဖြတ်ဖြင့် မလိဧရာအသင်းက သမိုင်းအသင်းအား အနိုင်ရဗိုလ်စွဲသည်။

          ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာ အောင်ဝင်းက ဘောလုံးပွဲတွင် ပါဝင်ကူညီခဲ့ကြသည့် ကြက်ခြေနီအဖွဲ့နှင့် တာဝန်ရှိသူများအားလည်း ကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက ဒိုင်အဖွဲ့နှင့် တာဝန်ရှိသူများအား လည်းကောင်း ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်သယံဇာတရေးရာဝန်ကြီးက နေရာအလိုက် အကောင်းဆုံးဆုရ ကစားသမားများနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဆုရ ကစားသမားများကို လည်းကောင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် ဇနီးတို့က တတိယဆုရ ရူပဗေဒအသင်းအား လည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့်ဇနီးတို့က ဒုတိယဆုရ သမိုင်းအသင်း အား လည်းကောင်း ဆုတံဆိပ်၊ တစ်ဦးချင်းလည်ဆွဲနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ဆက်လက်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီးတို့က ပထမဆုရ မလိဧရာ အသင်းအတွက် တစ်ဦးချင်း လည်ဆွဲဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ပြည်နယ် ဝန်ကြီးချုပ်က တံခွန်စိုက်ဒိုင်းဆုအား လည်းကောင်း အသီးသိးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် နံနက် ၇ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရာထမ်း/ အမှုထမ်းများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့ ရုံးကြီးလမ်းနှင့် ဇော်ဂျွန်းလမ်းဒေါင့်မှ ဇော်ဂျွန်းလမ်းတစ်လျှောက် သစ်ပင်ခြုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ မြက်ရိတ်ခြင်း၊ အမှိုက်များကောက်ယူ စွန့်ပစ်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်းကလည်း ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ် ၄၇၄ ဒဿမ ၉ သန်းဖြင့် တည်ဆောက်လျက်ရှိသည့် CCTV ထိန်းချုပ်ရေးစင်တာ RC နှစ်ထပ်  တိုးချဲ့အဆောက်အအုံသစ် တည်ဆောက်ပြီးစီးမှု အခြေ အနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ချိန်အတွင်း အရည်အသွေးပြည့်မီစွာ တည် ဆောက်ပြီးစီးရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။