ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ငလျင်ဘေးဒဏ်သင့်ဒေသများမှ ပြည်သူများအတွက် အလှူရှင်များမှ အလှူငွေများ လာရောက်လှူဒါန်းမှုကိုလက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်‌ပေးအပ်၊ ဗလမင်းထင်စံပြစိုက်ကွင်းအပါအဝင် ဆောင်းသီးထပ်လယ်စိုက်ခင်းများနှင့် ဧရာဝတီမြစ်ကြောင်းရှင်းလင်းရေးလုပ်ငန်း၊ အင်ဂျန်းခချောင်းရေတံခါးတည်ဆောက်နိုင်ရေးကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား ဧပြီ ၈

မေလ ၂၈ ရက်နေ့ မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် အင်အားအလွန်ပြင်းထန်သော ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ငလျင်ဘေးဒဏ်ထိခိုက်ခံစားခဲ့ရသည့် ငလျင်ဘေးသင့်ဒေသများမှ ပြည်သူများအတွက် ကချင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ရုံး၌ ဧပြီ ၈ ရက် နံနက် ၁၀ နာရီက အလှူငွေပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားတွင် အလှူငွေများလာရောက်လှူဒါန်းပေးကြသည့် ဒေသခံပြည်သူများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုငလျင်ဘေးဒဏ်သင့်ဒေသများမှ ညီရင်းအကိုမောင်နှမများအတွက် တတ်စွမ်းသလောက် လာရောက်ပါဝင်လှူဒါန်းမှုကို မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မှတ်တမ်းတင် ဂုဏ်ယူပါကြောင်း ကျေးဇူးတင်စကားပြောကြားပြီး အလှူရှင် ဂျိမ်းဖောလငိုင် ကုမ္ပဏီမိသားစုမှ လှူဒါန်းငွေကျပ်သိန်း ၅၀၊ ဦးအောင်လွင်နှင့် ဒေါ်မေစန်းမောင် မိသားစုမှ အလှူငွေကျပ် ၁၀ သိန်းနှင့် ဒေါ်ခင်စန်းမြင့်မိသားစုမှ အလှူငွေကျပ် ၁ သိန်းဖြင့် စုစုပေါင်းအလှူ‌ငွေကျပ် ၆၁ သိန်းကို လက်ခံရယူကာ အသိအမှတ်ပြုကျေးဇူးတင် ဂုဏ်ပြု မှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့သည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ စက်မှုရပ်ကွက်အတွင်းရှိ ဗလမင်းထင်ဧက ၁၀၀ စံပြစိုက်ခင်းသို့ သွားရောက်ခဲ့ကြပြီး တပ်ကုန်းဘက်ခြမ်းရှိ တောင်သူများ၏လယ်များ၌ လယ်သီးထပ်ဆောင်းဆီထွက် သီးနှံ များဖြစ်သည့် ပဲပုတ်၊ နေကြာစိုက်ခင်းများနှင့် နေကြာနှင့် ပဲပုတ်သီညှပ်စိုက်ခင်းများအတွင်း ဆိုလာစက်ရေတွင်းများမှ အောင်ရေရရှိမှုကြောင့် အသီးများဖြင့် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စံပြစိုက်ခင်းအတွင်း သီးထပ်စိုက်ပျိုးခြင်းကို တစ်နှစ်ထက် တစ်နှစ် တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ တောင်သူစည်းရုံး‌ခြင်း၊ သွင်းအားစုများ ပံ့ပိုးပေးခြင်းဖြင့် ကြိုးစားဆောင်ရွက်ကြရေးနှင့် လိုအပ်သည်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ စိုက်ပျိုးရေလုံလောက်ဖူလုံစွာရရှိရေး စက်ရေတွင်းတူးဖော်ဆောင်ရွက်ပေးခြင်းနှင့် မျိုးကောင်းမျိုးသန့်နှင့် ဓာတ်မြေဩဇာဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိရေး စီမံဆောင်ရွက်ပေးမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွင် အကျိုးဖြစ်ထွန်းလျက်ရှိသော တောင်သူဦးချန်းယိန်း၏ လယ်၌လယ်သီးထပ်အဖြစ် တိုင်ထောင်ပဲ၊ ဂေါ်ဖီထုတ်နှင့် ခရမ်းချဉ်သီး စိုက်ခင်းများ စိုက်ပျိုးဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ စီတာပူရပ်ကွက်အတွင်းရှိ တောင်သူ ဦးဆွတ်ရိန်၏ လယ်၌လည်း ဆောင်းဆီထွက်သီးနှံ နေကြာစိုက်ခင်းများ၊ သခွားစိုက်ခင်းများ၊ ခရမ်ချဉ်သီး စိုက်ခင်းများဖြင့် ဖြစ်ထွန်းအောင်မြင်လျက်ရှိသည့် အခြေအနေများကိုလည်ကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စိုက်ဧကတိုးချဲ့နိုင်ရေးအတွက် ရေမော်တာတစ်လုံး ဝယ်ယူ နိုင်ရေး ထောက်ပံ့ငွေနှင့် ခြံထွက်သီးနှံများအား ဝယ်ယူအားပေးခဲ့ကြသည်။

ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေ ကြီးမြင့်မှုမှကာကွယ်နိုင်ရေး ဗလမင်းထင်တံတားအောက် သဲသောင်ခုံအား မြစ်ရေကြောင်းဖွံ့ဖြိုးရေးအတွက် မူလလျာထားသည့် အလျား ၆၀၀၀ ပေ၊ အကျယ် ၂၄၀ ပေ၊ အနက် ရေစစ်မျဉ်းအောက် ၂ မီတာအစား မြစ်ရေအတက်အကျ ဖြစ်စဉ်အရ အလျား ၅၀၀၀ ပေ၊ အကျယ် ၆၅ ပေနှင့် အနက် ရေစစ်မျဉ်းအောက် ၂ မီတာအထိ လုပ်ထုံးလုပ်နည်း စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ တူးဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ကွက်များသို့ သွား ရောက်ပြီး အဆိုပါလုပ်ကွက်များအတွင်း စက်ယန္တရားကြီးများ၊ မြေသယ်ယာဉ်ကြီးများဖြင့် တူးဖော်ရှင်းလင်းနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီဖြစ်စေရေး သက်ဆိုင်ရာဌာနများက အနီးကြပ်မတ် ဆောင်ရွက်ကြရေး မှာကြားခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စီတာပူရပ်ကွက်၊ ဧရာဝတီရှုခင်းသာ အပန်းဖြေစခန်းအနီး မြို့၏ အဓိကရေဝင်/ရေထွက်နေရာဖြစ်သည့် အင်ဂျန်းခချောင်းအား ရေထိန်းတံခါးတည်ဆောက်သွားမည့် ‌လုပ်ငန်းစီမံကိန်းလျာထားသည့် ချောင်းဝနေရာ၌ ပြည်နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ရေတံခါးတည်ဆောက်နိုင်ရေး အကြို အင်ဂျင်နီယာလုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကမ်းနားလမ်း တစ်လျှောက် ကျောက်စီရေထိန်းနံရံတည်ဆောက်နိုင်ရေး သဲသောင်ခုံမြေညှိခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မြို့ မြစ်ရေမြင့်တက်မှု ၁၄၅၀ စင်တီမီတာအထိ ကာကွယ်နိုင်မည့် ကျောက်စီရေထိန်းနံရံလုပ်ငန်းအတွက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။