မြစ်ကြီးနား ဧပြီ ၉
ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ နှစ်စဉ်မဟာသင်္ကြန်ကာလအတွင်း ဌာနဆိုင်ရာများနှင့် မြို့ ပေါ်ရပ်ကွက်များမှ ပြည်သူများအား စုပေါင်းဒုလ္လဘရဟန်းခံရှင်ပြုအလှူပွဲကို ဒါနပြုကျင်းပပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင်လည်း တတိယအကြိမ်မြောက် စုပေါင်းဒုလ္လဘရှင်ပြုရဟန်းခံနှင့် သီလရှင်ဝတ်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့ အံတော်ရှင်တောင်တန်းသာသနာပြု ဗဟိုကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အလှူတော်မင်္ဂလာအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ကြပြီး ဌာနဆိုင်ရာများ၊ အလှူရှင်များက မြတ်စွာဘုရားအမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ စုပေါင်းဒုလ္လဘရဟန်းခံရဟန်းတော်များ၊ သီလရှင်ဆရာများ၊ သာမဏေများအား ဆွမ်းဆန်တော်၊ ဝတ္ထုငွေနှင့်၊ လှူဖွယ်ပစ္စည်းများကို လောင်းလှူဆက်ကပ် ပူဇော်ခဲ့ကြသည်။
ထို့နောက် အလှူရေစက်ချတရားတော်နာယူပွဲ အခမ်းအနားကို တောင်တန်းသာသနာပြု ဓမ္မဗိမ္မာန်တော်၌ ဆက်လက်ကျင်းပပြုလုပ်ရာ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ၊ စုပေါင်းရဟန်းခံ ကိုယ်တော်များနှင့် သီလရှင်များကြွရောက်တော်မူကြပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ကာ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ပရိတ်တရားတော်များ နာယူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က မြစ်ကြီးနားမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း (၃)ကျောင်းတို့အတွက် ဆွမ်းပဒေသာပင် အလှူငွေအဖြစ် ငွေကျပ်သိန်း ၁၀၀ စီဖြင့် စုစုပေါင်းငွေကျပ်သိန်း ၃၀၀ အားလည်းကောင်း၊ တာဝန်ရှိသူများက မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၁၃)ကျောင်းနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၃) ကျောင်း တို့အတွက် တစ်ကျောင်းလျှင် အလှူငွေကျပ် သိန်း (၅၀) စီဖြင့် စုစုပေါင်းငွေကျပ်သိန်း(၈၀၀)ကိုလည်းကောင်း အသီးသီးလှူဒါန်း ဆက်ကပ်ခဲ့ကြသည်။
ထို့နောက် ကချင်ပြည်နယ်သံဃာ့အဖွဲ့အစည်းများက စုပေါင်း၍ ငလျင်ဘေးဒဏ်သင့် ဒေသများမှ ပြည်သူများအတွက် လိုအပ်သည့်နေရာတွင် ကူညီမှုပေးနိုင်ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့ထံ အလှူငွေကျပ်သိန်း ၂၀၀ အားပေးအပ်လှူဒါန်းမှုကို သံဃာတော်များကိုယ်စား ပြည်နယ်လူမှုရေးရာဝန်ကြီးက ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ပြည်နယ် ဝန်ကြီးက သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ရုပ်သိမ်းလိုက်သည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ခါကာဘိုရာဇီခန်းမ၌ ဖွင့်လှစ်ထားသော ကချင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှုအဖွဲ့ထံ အလှူရှင်များက မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ငလျင်ဘေးဒဏ်သင့်ဒေသများမှ ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချူပ်က ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ယခုလို မိမိတို့ ပြည်နယ်အစိုးရ အဖွဲ့နှင့်ပူးပေါင်း၍ လှူဒါန်းပေးကြသည့်အတွက် မှတ်တမ်းတင်ဂုဏ်ယူပါကြောင်း ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ ငလျင်ဘေးဒဏ်သင့်ဒေသများမှ ပြည်သူများအတွက် မြစ်ကြီးနားမြို့ ဓမ္မပါရဂူ ရေဦးကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တရာဇီန္ဒက အလှူငွေကျပ်သိန်း ၃၀ နှင့် ဦးသန်းဦးနှင့် အဖွဲ့မှဦးဆောင်၍ နန်းကွေ့နယ်မြေ (၅) ရေဦးကျောင်းပိုင်းမှ အလှူရှင်များစုပေါင်း၍ ငွေကျပ် (၄၇) သိန်းဖြင့် စုစုပေါင်းအလှူငွေကျပ် ၇၇ သိန်းကို ပေးအပ်လှူဒါန်းမှုကို ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းရပ်ကွက်၊ ကြာရာပတ္တီး(အေ)နယ်မြေအတွင်းရှိ ပိုင်ရှင် ဦးဘောက်နော်၏ ငါးမွေးမြူရေးလုပ်ငန်းဆောင်ရွက်သည့် ခြံဝင်းအတွင်း ငါးကန် (၃)ကန် တူးဖော်၍ ငါးများမွေးမြူ ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ငါးအမျိုးအစားအလိုက် မွေးမြူထားရှိမှု အခြေအနေများနှင့် ဒေသတွင်းရောင်းချပေးနိုင်မှု အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြကာ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးစောအောင်ရဲထွဋ်လွင်က ငါးဦးစီးဌာနအနေဖြင့် ဒေသတွင်းငါးမွေးမြူရေး လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ငါးသယံဇာတ ပေါများ လာ စေရေး ငါးသားဖောက်ခြင်းကို နည်းပညာပေးခြင်း၊ ပေါင်းစပ်ဆောင်ရွက်ခြင်းနှင့် ငါးအစာများ ပံ့ပိုးပေးအပ်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပိုင်ရှင် ဦးဘောက်နော်က ငါးကန်များအတွင်း ရေသွင်းရန် အခက်အခဲဖြစ်ပေါ် မှုအပေါ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ဆိုလာရေတင်စနစ်ဖြင့် ဆောင်ရွက်ပေးနိုင်ရေး နှင့် ရပ်မိ/ ရပ်ဖများ၏ ရပ်ကွက်တွင်း လမ်းများအဆင့်မြှင့်တင်ပေးနိုင်ရေး တင်ပြမှုများအပေါ် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ငါးမွေးမြူရေးလုပ်ငန်းမှ ငါးသား ပေါက်ပူးပေါင်းဆောင်ရွက်ပေးမှုကြောင့် ငါးအစာအိတ် (၁၅)အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း၊ ကွန်ပျူတာတက္ကသိုလ် မြေနေရာများအပါအဝင် ဌာနအဖွဲ့အစည်းများ၏ ရုံးမြေနေရာများကို ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ် ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကွင်းအမှတ် (၂၈၂)ရှိ မြေဧရိယာ (၃၄)ဧက ပေါ်တွင် ကျေးရွာတိုးချဲ့မြေကွက်သစ်အတွက် မြေယာရှင်းလင်းဆောင်ရွက်နေမှု၊ လမ်းများဖောက် လုပ်နေမှုနှင့် မြေကွက်သစ်ပုံစံပေါ်လွင်စွာြဖင့် အကွက်ချပုံစံအား စနစ်တကျ ထုတ်ဖော်ပေးနိုင်ရေး ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။





