မြစ်ကြီးနား အောက်တိုဘာ ၉
ကချင်ပြည်နယ်၏ တရားရေးမဏ္ဍိုင်အတွက် အဓိကကျသည့် ပြည်နယ်တရားလွှတ်တော်ရုံး အဆောက်အဦသစ်ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း စတင်တည်ဆောက်နိုင်ရေးအတွက် ပြည်နယ်စိုးရအဖွဲ့နှင့် ပြည်နယ်တရားလွှတ်တော်ရုံးတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၈ ရက် မွန်းလွဲ ၁ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်တရားလွှတ်တော်ရုံး အဆောက်အဦသစ်ရရှိရေးအတွက် မန်ခိန်ရပ်ကွက်၊ ကွင်းအမှတ် (၄/ယောရင် ကွင်း) ဦးပိုင်အမှတ် (၃၅/၂ င၊ ၃၅/၂ စ၊ ဧရိယာ (၂ ဒဿမ ၂၇) ဧကပေါ်တွင် ခေတ်စနစ်နှင့်လျော်ညီပြီး တရားရေးမဏ္ဍိုင်၏ အဓိကအဆောက်အဦအဖြစ် ခန့်ညားထည်ဝါသည့် RC (၄)ထပ် အဆောက်အဦသစ်ကို ရန်ပုံငွေကျပ် (၃၀၀၀၀)သန်းဖြင့် ဆောက်လုပ်သွားမည်ဖြစ်ပါကြောင်း၊ တည်ဆောက်သွားမည့် လုပ်ငန်းအစီအမံများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်က တရားလွှတ်တော်ရုံးသစ် တည်ဆောက်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိသည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး တရားလွှတ်တော်ရုံး တာဝန်ရှိသူများက ဘဏ္ဍာငွေရရှိမှု၊ တင်ဒါအောင်မြင်ခဲ့သည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ တင်ဒါအောင်မြင်သည့် G3 Group Limited တာဝန်ရှိသူက တရားလွှတ်တော်ရုံးသစ် ၂၀၆ ပေ × ၁၅၃ ပေရှိ RC (၄)ထပ် အဆောက်အဦသစ်တည်ဆောက်သွားမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက တင်ဒါစနစ်ဖြင့် တည်ဆောက်သည့် လုပ်ငန်းစီမံကိန်းနှင့် စပ်လျဉ်း၍ အလေးထားလိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောက်လုပ်နိုင်ရေး ဖြည့်စွက်အကြံပြုသုံးသပ်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်း တရားလွှတ်တော်ရုံးအဆောက်အဦသစ် တည်ဆောက်သွားမည့် မြေနေရာသို့ သွားရောက်ခဲ့ကြပြီး အဆောက်အဦတည်ဆောက်နိုင်ရေး မြေယာပြုပြင်ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆောင်ရွက်သွားမည့် အသေးစိတ်အစီအစဉ်များ၊ တည်ဆောက်သွားမည့် အစီအစဉ်များအပေါ် ရှင်းလင်းတင်ပြမှုကို ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
