မြစ်ကြီးနား အောက်တိုဘာ ၈
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် ဆန်နှင့် စားဆီ ဖူလုံရေး အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ မိုးစပါးရိပ်သိမ်းပြီး ရိုးပြတ်ကျန်လယ်များတွင် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမည့် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များအတွင်းရှိ တောင်သူများထံ မျိုးကောင်းမျိုးသန့်မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာ ၈ ရက် နံနက် ၈ နာရီခွဲက မြစ်ကြီးနားခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဆီထွက်သီးနှံစိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ပြည်နယ်အနေဖြင့် ဆန်ဖူလုံမှုအနေဖြင့် ၁၀၄ ရာခိုင်နှုန်းကျော်ရှိသော်လည်း စားဆီဖူလုံမှုတွင် လိုအပ်ချက်များစွာရှိနေသေးပါကြောင်း၊ သို့ဖြစ်ပါ၍ ဖူလုံမှုရှိသည့် ဆန်ကို ပိုမိုဖူလုံအောင် စိုက်ပျိုးရမည့် ဖြစ်သကဲ့သို့ ဆီဖူလုံမှုရှိအောင်လည်း တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးကို အလေးအနက်ထားကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လယ်သီးထပ်အဖြစ် ဆီထွက်သီးနှံတိုးချဲ့ စိုက်ပျိုးနိုင်ရေး ယခု ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ဆီထွက်သီးနှံ စိုက်ဧရိယာ (၁၂၀၇၁)ထပ်မံတိုးချဲ့ စိုက်ပျိုးနိုင်ရေး လိုအပ်သည့် မျိုးကောင်းမျိုးသန့်မျိုးစေ့များကို ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျေးဇူးရှင်တောင်သူများအနေဖြင့် ဆီထွက်သီးနှံ မျိုးကောင်းမျိုးသန့်မျိုးစေ့များကို အသုံးပြု၍ နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရေး လိုအပ်ချက်များ ရှိပါကလည်း ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးသွားမည့် မြစ်ကြီးနားခရိုင်အတွင်းရှိ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များမှ တောင်သူများအတွက် မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီမုန်ညှင်း၊ ပန်းနှမ်း၊ ပဲပုတ် စသည့် မျိုးကောင်းမျိုးသန့်မျိုးစေ့ (၁၂၇၇)တင်းကို တောင်သူများထံ ဖြန့်ဝေပေးအပ်ခဲ့ရာ တက်ရောက်လာကြသည့် တောင်သူများက ဆီထွက်သီးနှံစိုက်ပျိုးရေးအတွက် စိုက်ပျိုးရေ လိုအပ်ချက်၊ ကျွဲ၊ နွားအန္တရာယ်ကာကွယ်ရေး စသည့် လိုအပ်ချက်များကို တင်ပြ ဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာကဏ္ဍအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးအတွင်း၌ ခရိုင်အတွင်းရှိ တောင်သူများအား ဖြန့်ဝေပေးနိုင်ရေး ဆီထွက်သီးနှံ မျိုးကောင်း၊ မျိူးသန့် မျိုးစေ့များ စုစောင်းသိုလှောင်ထားရှိမှုနှင့် စမ်းသပ်စိုက်ပျိုးပြသထားရှိမှုတို့ကို လည်းကောင်း၊ ရုံးဝင်းအတွင်း စမ်းသပ်စိုက်ပျိုးထားသည့် ကာရေဗီယန်ကော်ဖီပင်များ ဖြစ်ထွန်းအောင်မြင်နေမှုကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။



