ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းသား/သမီးများအား နွေရာသီ အင်္ဂလိပ်စာ(ထက်၊ လယ်၊ မူအဆင့်)နှင့် ကွန်ပျူတာ (လယ်၊ ထက်အဆင့်)သင်တန်းဆင်းပွဲသို့ တက်ရောက်ဆုချီးမြှင့်

မြစ်ကြီးနား မေ ၁၉

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/ အမှုထမ်း ဝန်ထမ်းသား/သမီး ကျောင်းသား/ကျောင်းသူများအား နွေရာသီအင်္ဂလိပ်စာ (ထက်၊ လယ်၊ မူအဆင့်)သင်တန်းနှင့် ကွန်ပျူတာ(လယ်၊ ထက်အဆင့်)သင်တန်းဆင်းပွဲအား ယနေ့ နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ဂုဏ်ပြုဆုချီးမြှင့်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာကြီးတိုးတက်ဖွံ့ဖြိုးလာသည်နှင့်အမျှ နည်းပညာနှင့်ဘာသာစကားအခြေခံများတတ်မြောက်ရန် အရေးကြီးပါကြောင်း၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာလေ့လာသင်ကြားရခြင်းဟာ မိမိတို့ဘဝတိုးတက်မြင့်မားလာရေးအတွက် များစွာအထောက်အကူဖြစ်စေမှာဖြစ်ကြောင်း၊ သင်ကြားပို့ချမှုများအား သင်တန်းတက်‌ရောက်နေသည့် ကာလတွင်သာမဟုတ်ဘဲ စဥ်ဆက်မပြတ်လေ့ကျင့်စေလိုကြောင်း၊ သင်တန်းတွင် သင်ကြားရရှိသော ပညာရပ်များကို လက်တွေ့ဘဝတွင် ကောင်းစွာပြန်လည်အသုံးချနိုင်အောင် ကြိုးစားကြရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် သင်တန်းဆင်း ကျောင်းသား/သူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့်လည်းကောင်း၊ အင်္ဂလိပ်သီချင်းအား သရုပ်ဖော်ပြသခြင်းများဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အင်္ဂလိပ်စာသင်တန်းပို့ချသင်ကြားပေးခဲ့သည့် မြစ်ကြီးနားတက္ကသိုလ်မှ ဆရာ/ဆရာမများနှင့် ကွန်ပျူတာသင်တန်းပို့ချပေးခဲ့သည့် Polytechnic University မှ ဆရာ/ဆရာမများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့ပြီး သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူတို့က အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းမှ အဆင့်အလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော သင်တန်းသား/သူများအား ဂုဏ်ပြုဆုငွေများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး သင်တန်းသား/သူများက ဇာတိမာန်သီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။