မြစ်ကြီးနား ဇွန် ၂
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစား ပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်မည့် ပြည်နယ်လက်ရွေးစင် အမျိုးသမီးဘော်လီဘောအသင်းနှင့် ရေကူးအသင်းတို့အား ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ရှိ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ အားကစားသမားများအား တွေ့ဆုံပြီး အောင်နိုင်ရေးအလံ ပေးအပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် မိမိကိုယ်တိုင်၏ စွမ်းဆောင်ရည်အပေါ် ယုံကြည်မှုရှိပြီး ပြိုင်ပွဲမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာကာ အားကစားသမားကောင်းစိတ်ဓာတ်၊ အကျင့်စာရိတ္တကောင်းတို့ဖြင့် ပြိုင်ဘက်အားကစားသမားများအပေါ် လေးစားမှုဖြင့် ယှဉ်ပြိုင်သွားကြရန် လိုအပ်ပါကြောင်းနှင့် ယနေ့ ပေးအပ်လိုက်သည့် အောင်နိုင်ရေးအလံသည် ပြည်နယ်တစ်ခုလုံး၏ ချစ်ခြင်းမေတ္တာ၊ စုစည်းမှုနှင့် မျှော်လင့်ချက်များကို ကိုယ်စားပြုသည့်အတွက် ပြည်နယ်ဂုဏ်ဆောင် အောင်မြင်မှုရရှိအောင် ကြိုးစားကြရန်လိုကြောင်း အားပေးပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ကိုယ်စားပြု အမျိုးသမီးဘော်လီအသင်းအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေကျပ် (၂၀)သိန်းကိုလည်းကောင်း၊ ရေကူးအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေကျပ် (၁၅) သိန်းကိုလည်းကောင်း၊ လေ့ကျင့်ရေးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အားကစားသမားများအတွက် ဆေးဝါးကုသစရိတ်အဖြစ် ထောက်ပံ့ငွေများကိုလည်းကောင်း ဂုဏ်ပြုချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်လက်ရွေးစင်အသင်းများမှ တာဝန်ရှိသူများက ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်ဆောင်ရွက်ခဲ့သည့် အခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်နယ် ဝန်ကြီးချုပ်က ဆုတံဆိပ်များ ဆွတ်ခူးရရှိအောင် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ကြရေးနှင့် ကျန်းမာရေးဂရုစိုက်ကြရန် အားပေးမှာကြားခဲ့ကြောင်း သိရသည်။

