ကချင်ပြည်နယ်ဝန်ကြီးချုပ် ဥပဒေရေးရာအသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားနှင့် မုတ်သုံဦး MSME ထုတ်ကုန်ပြပွဲ/ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော် ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲသို့တက်ရောက်ချီးမြှင့်

မြစ်ကြီးနား  ဇွန် ၈

          ကချင်ပြည်နယ်ဥပဒေချုပ်ရုံးကကြီးမှူး၍ ဌာနဆိုင်ရာဝန်ထမ်းများအား ဥပဒေရေးရာအခြေခံသဘောတရားများကို သိရှိနားလည်စေရန် ရည်ရွယ်ဆောင်ရွက်သည့် ဥပဒေရေးရာအသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

          ရှေးဦးစွာ ရှင်းလင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် ဥပဒေအသိပညာကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်သဘောပေါက်ခြင်းဖြင့် မိမိတို့၏ ဌာနဆိုင်ရာလုပ်ငန်းများကို ဥပဒေအမြင်ဖြင့် ရှုမြင်သုံးသပ်ကာ ဆောင်ရွက်တတ်လာစေမည်ဖြစ်သည့်အပြင် လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် ဥပဒေရေးရာပြဿနာများကို ဌာန၏ရည်မှန်းချက်ပန်းတိုင်များနှင့် လိုက်လျောညီထွေဖြစ်စေပြီး ဘက်ပေါင်းစုံမှ ပြောင်းလဲရှုမြင်၍ ဖြေရှင်းနိုင်စေမည်ဖြစ်ပါကြောင်း ပြောကြားသည်။

          ထို့နောက်ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးက တရားဥပဒေစိုးမိုးရေးနှင့်ဥပဒေအသိပညာပြန့်ပွားရေးကို ဥပဒေရေးရာဝန်ကြီးဌာနက အဓိကထားဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ယနေ့ ပြည်သူအတွက် ကြိုးပမ်းဆောင်ရွက်မည့် အစီအစဉ်ဖြင့် ညွှန်ကြားရေးမှူးနှင့် ရာထူးတူပုဂ္ဂိုလ်များကို ရည်ရွယ်ပြုလုပ်ဆွေးနွေးခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

          ယင်းနောက် ဥပ‌ဒေပညာအသိပညာပေးဆွေးနွေးခြင်းကို ပြည်နယ်ဥပဒေအရာရှိ ဦးစန်းလွင်ဦးက ဥပဒေရေးရာဝန်ကြီးဌာန၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ အဂတိတိုက်ဖျက်ရေးဥပဒေပါ သိကောင်းစရာများကိုလည်းကောင်း၊ ရုံးအဖွဲ့မှူး ဦးစံဖေက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)အကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ဒုတိယပြည်နယ်ဥပဒေအရာရှိ ဒေါ်ယဉ်ယဉ်လှိုင်က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေပါ သိကောင်းစရာများကိုလည်းကောင်း ပြည်နယ်အဆင့်ဌာနဆိုင်ရာများအား ဆွေးနွေးဟောပြော‌ပေးခဲ့ကြကြောင်း သိရသည်။

          ထို့အတူ ယမန်နေ့ ညနေ(၄)နာရီကလည်း ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ စီတာပူမနောကွင်းအတွင်း မဂျွယ်ခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိသည့် မုတ်သုံဦး MSME ထုတ်ကုန်ပစ္စည်းပြပွဲ/ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

          ထိုသို့ တက်ရောက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ဈေးရောင်းပွဲတော်အတွင်း ဒေသထွက်ကုန်ပစ္စည်း ဖွင့်လှစ်ပြသရောင်းချလျက်ရှိသည့် MSME လုပ်ငန်းရှင် (၃၇)ဦး၏ လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းများနှင့် ပယင်း၊ ကျောက်စိမ်းနှင့် လက်ဝတ်ရတနာအချောထည်များ ပြသရောင်းချနေမှုအား ကြည့်ရှုအားပေးခဲ့ကြပြီး ပွဲတော်လာရောက်လည်ပတ်ဈေးဝယ်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

          ထို့နောက် MSME ဈေးရာင်းပွဲတော် ပိတ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ MSME ထုတ်ကုန်ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ မြစ်ကြီးနားတက္ကသိုလ် ဒုတိယပါမောက္ခချုပ်က ဆုများစိစစ်ရွေးချယ်ခဲ့မှုနှင့်စပ်လျဉ်း၍ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌက ဈေးရောင်းပွဲတော်တွင် ပူးပေါင်းပါဝင်သည့်  MSME လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများအား MSME လုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပေးခဲ့ကြသော ဌာနဆိုင်ရာများအား ကျေးဇူးတင်အသိအမှတ်ပြု ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း၊ ထုတ်ကုန်ပြိုင်ပွဲနှင့် ခင်းကျင်းပြသမှုပြိုင်ပွဲတွင် အထူးဆုရရှိခဲ့သည့် လုပ်ငန်းရှင်(၄)ဦးတို့အားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ဆက်လက်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ထုတ်ကုန်ပြိုင်ပွဲနှင့် ခင်းကျင်းပြသမှုပြိုင်ပွဲတွင် တတိယဆုရရှိသည့် လုပ်ငန်းရှင်များအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ထုတ်ကုန်ပြိုင်ပွဲနှင့် ခင်းကျင်းပြသမှုပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော Top အသင့်စားအသားခြောက်ထုတ်ကုန်လုပ်ငန်းနှင့် ဂျိမ်းဖောသူကချင်ရိုးရာအထည်ရောင်းဝယ်ရေးလုပ်ငန်းတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ကာ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် MSME ထုတ်ကုန်ပြိုင်ပွဲ (နေပြည်တော်)တွင် တန်ဖိုးမြှင့်ထုတ်ကုန်နှင့် ထုပ်ပိုးမှုကဏ္ဍ၌ ဒုတိယဆုရရှိခဲ့သော Top အသင့်စား အသားခြောက်စားသောက်ကုန်လုပ်ငန်းအား ဂုဏ်ပြုဆုကို ထပ်ဆင့်ပေးအပ်ချီးမြှင့်ခဲ့ကြကာ ပွဲတော် (၃) ရက်တာကာလအတွင်း ဖျော်ဖြေရေးအစီအစဉ်ဖြင့် ဖျော်ဖြေပေးခဲ့ကြသော MaLiHka Music Band  အဖွဲ့အတွက် ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။