ကချင်ပြည်နယ်ဝန်ကြီးချုပ် တနိုင်းခရိုင် ဟူးကောင်းဒေသ စားရေရိက္ခာဖူလုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူလူထုနှင့်တွေ့ဆုံ

တနိုင်း           သြဂုတ် ၅
          ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ ဟူးကောင်းဒေသ စာရေရိက္ခာဖူလုံရေး၊ ဆီထွက်သီးနှံ သီးထပ်များ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တနိုင်းမြို့သို့ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည်  သြဂုတ် ၄ ရက်  နံနက် ၉ နာရီတွင် ဟူးကောင်းခန်းမ၌ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ မြို့မိမြို့ဖများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ သည်။
          ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ဟူးကောင်း(တနိုင်း)ဒေသသည် ရေခံမြေခံကောင်းမွန်ပြီး စိုက်ပျိုးရေးဖြစ်ထွန်းသည့် နေရာတစ်ခုဖြစ်သည့်အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်က စတင်၍ ဆန်ရိက္ခာဖူလုံရေးကို အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခင်နှစ်က မျိုးစပါး (၃၀၀၀) တင်း၊ ယခုနှစ်တွင် ဆင်းဧကရီ (၃) တင်း (၄၀၀၀)တင်းနှင့် ဆီမုန်ညှင်း (၅၀၀)တင်းတို့ကို အခမဲ့ထောက်ပံ့ပေးအပ်ခဲ့သည့်အပြင် လယ်သီးထပ်အတွက် မြေသြဇာအခမဲ့ (၅၀၆)အိတ်၊ ပုလဲမြေသြဇာ (၂၇၈)အိတ်တို့နှင့်အတူ စက်သုံးဆီဂါလံ (၃၄၀၀)ကျော်ကိုလည်း ဈေးနှုန်းချိုသာစွာ ‌ရောင်းချပေးခဲ့ပါကြောင်း၊ ထို့အတူ စိုက်ပျိုး‌ရေးအပြင် မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်နိုင်ရေး ‌ချေးငွေများပံ့ပိုးပေးမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တနိုင်းဒေသပြည်သူတို့၏ စားရေရိက္ခာဖူလုံရေးအတွက် ယခု ၂၀၂၆ ခုနှစ်မှစ၍ လာမည့် (၃)နှစ်အတွင်း ရည်မှန်းချက်ပြည့်မီအောင် အားလုံးက ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
          ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းစံလင်းက တနိုင်းခရိုင် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးဆောင်ရွက်မည့်အစီအစဉ်များ၊ နိုင်ငံ့စီးပွားချေငွေဖြင့် မတည်လည်ပတ်လျက်ရှိသည့် လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကိုလည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်စိုးက မြို့နယ်အတွင်း ဆန်ဖူလုံမှုရှိစေရေးနှင့် ဆီဖူလုံမှုရှိစေရေး တိုးမြှင့်စိုက်ပျိုးဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ တက်ရောက်လာကြသည့် မြို့မိ/ မြို့ဖများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်မှူးများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်ချက်များကိုလည်းကောင်း အသီးသီးတင်ပြကြရာ ဟူးကောင်းခန်းမအား အသစ်တည်ဆောက်ပေးနိုင်ရေး၊ တနိုင်းမြို့ လျှပ်စစ်မီးအချိန်တိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက တနိုင်းမြို့နယ်အတွင်းရှိ စာပေယဉ်ကျေးမှုအသင်းအဖွဲ့ (၅)အတွက် (၂၅)သိန်း၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့များ အပါအဝင် လူမှုရေးအသင်း/အဖွဲ့ (၁၄)ဖွဲ့တို့အတွက် ငွေကျပ်သိန်း (၆၀)၊ မိုင်းခွန်ကျေးရွာသီးထပ်စိုက်တောင်သူများအတွက် ဆီထွက်သီးနှံ ဆီမုန်ညှင်းနှင့် ပဲပုတ်မျိုးစေ့အိတ်များ၊ ပြည်သူလုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်း‌ရေးအတွက် ငွေကျပ် ၅ သိန်းနှင့် ကြက်ဥများ၊ ခရိုင်/ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့များအတွက် ငွေကျပ် ၁၀ သိန်း ၊ ဌာနဆိုင်ရာများအတွက် မိုးကာအင်္ကျီများကို လည်းကောင်း၊ Grade-12 အောင်ချက်မြင့်မားရေးအတွက် ကျောင်းသား/ ကျောင်းသူများအား စခန်းသွင်းသင်ကြားလျက်ရှိသော ကျောင်း (၄) ကျောင်းအတွက် ငွေကျပ်သိန်း (၈၀)ကို လည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်။
             ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် တနိုင်းမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူးရုံးသို့ သွားရောက်ပြီး တနိုင်းမြို့ လျှပ်စစ်မီးလင်းရေးအတွက် အဓိကလုပ်ဆောင်ရွက်ပေးလျက်ရှိသည့် 500 KVA မီးစက် (၃)လုံး လည်ပတ်နိုင်မှု အခြေအနေများ၊ မြို့ပေါ် ရပ်ကွက်များသို့ လျှပ်စစ်မီးပေးသည့် အချိန်တိုးမြှင့်ပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စက်သုံးဆီ(ဒီဇယ်)အား ချိုသာသော ဈေးနှုန်းဖြင့် တိုးမြှင့်ဝယ်ယူနိုင်ရေး ညှိနှိုင်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။