ကချင်ပြည်နယ်ဝန်ကြီးချုပ် တနိုင်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရိုင်ရယ်ဒိုးကလေး အဆင့်မြင့်ဆန်စက်၏ စပါးအခြောက်ခံစက်၊ လယ်ထွန်စက်နှင့် လယ်ယာသုံးအပိုပစ္စည်းအရောင်းပြခန်း ကြည့်ရှုစစ်ဆေး

တနိုင်း   သြဂုတ် ၆
          ကချင်ပြည်နယ်၊ တနိုင်းခရိုင်(ဟူးကောင်းဒေသ) စားရေရိက္ခာဖူလုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တနိုင်းမြို့သို့ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် သြဂုတ် ၅ ရက်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ပံ့ပိုးမှုဖြင့် တိုးချဲ့ဆောင်ရွက်နိုင်ခဲ့သည့် ရိုင်ရယ်ဒိုးကလေးဆန်စက်လုပ်ငန်း၏ စပါးအခြောက်ခံစက်ဖွင့်ပွဲ၊ ရိုင်ရယ်ဒိုးကလေး လယ်ထွန်စက်နှင့် လယ်ယာသုံးအပိုပစ္စည်း အရောင်းပြခန်းများကို တက်ရောက်ဖွင့်လှစ်ပေးကြသည်။
          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(တနိုင်း) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ကျော်ဖုန်းအောင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့်အတူ တနိုင်းမြို့ စည်ပင်သာယာမနက်ဈေးသို့သွားရောက်ခဲ့ကြပြီး ဈေးအတွင်း ဒေသထွက် ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများ အရောင်းအဝယ်အခြေအနေများ၊ ကုန်ဈေးနှုန်းအခြေအနေများကို ဈေးရောင်း/ဈေးဝယ်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြကာ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများအား ဝယ်ယူအားပေးခဲ့ကြသည်။
ယင်းနောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဒုတိယနှစ်စက်ဝန်း၏ မတည်ပံ့ပိုးငွေ ကျပ်သိန်း ၅၀၀ ဖြင့် တနိုင်းဒေသအတွက် (၁၅)တန်ကျ ဆန်စက်မှ အဆင့်မြင့် တန် ၂၀ ကျဆန်စက်အထိ တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့သည့်အပြင် တတိယနှစ်စက်ဝန်းနှင့် စတုတ္ထနှစ်စက်ဝန်း မတည်ငွေများဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအပြင် ယခုအခါ ဆန်စက်အတွက် စပါးအခြောက်ခံစက်တိုးချဲ့ တည်ဆောက်နိုင်ခဲ့သဖြင့် အဆိုပါ စပါးအခြောက်ခံစက်ဖွင့်ပွဲတက်ရောက်ပြီး တာဝန်ရှိသူများနှင့် အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
          ထို့နောက် စပါးအခြောက်ခံစက်လည်ပတ်နေမှုနှင့် ဆန်စက်လည်ပတ်နေမှု၊ ဆန်စက်မှထွက်ရှိသည့် စပါးခွံများအား အသုံးပြု၍ လျှပ်စစ်မီးထုတ်ယူလည်ပတ်အောင် ဆောင်ရွက်နိုင်သည့် အခြေအနေများ၊ ဒေသတွင်း တောင်သူများ၏ စပါးများ စုဆောင်းသိုလှောင်ထားရှိမှုအခြေအနေများနှင့် ၎င်းဆန်စက်နှင့်တွဲဖက်၍ သံပုရာ၊ ကြက်မောက်သီး၊ လိုင်ချီး၊ နှင်းသီး၊ အုန်းချိုပင်များ၊ ကော်ဖီပင်များ၊ စောင်းခါးသီး စီးပွားဖြစ်စိုက်ပျိုးထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တနိုင်းမြို့ တံနိုင်းတံတားမှတစ်ဆင့် တနိုင်းချောင်းရေမြင့်တက်မှုကြောင့် နှုန်းပို့ချ၍ ရေကြောင်းပြောင်းလဲကာ မြို့ဧရိယာအား ရေတိုက်စားမှုမဖြစ်ပေါ်စေရေး၊ တနိုင်းတံတားကြံ့ခိုင်မှုရှိစေရေးတို့အတွက် တံတားအထက် ၁ မိုင်၊ တံတား အောက် ၁ မိုင်အား သဲနှုန်းများ တူး‌ဖော်ရှင်းလင်းဖယ်ရှားနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး၏ တင်ပြချက်အပေါ် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် အဆိုပါရပ်ကွက်အတွင်း Royal Do KaLay Co.; LTD က ဖွင့်လှစ်ထားသော လယ်ထွန်စက်နှင့် လယ်ယာသုံးအပိုပစ္စည်းအရောင်းပြခန်းဖွင့်ပွဲသို့တက်ရောက်ပြီး အရောင်းပြခန်းအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ဘင်ခရာ၊ ပန်းပွားအဖွဲ့များ၏ တီးမှုတ်ဖျော်ဖြေမှု၊ တိုင်းရင်းသားရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေတင်ဆက်မှုတို့ကို ကြည့်ရှုအားပေးခဲ့ကြပြီး ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြကာ အရောင်းပြခန်းအတွင်း Good Brother ကုမ္ပဏီမှ ဖြန့်ဖြူးသည့် လက်တွန်းထွန်စက်များ၊ Kubota အမျိုးအစားနှင့် ဘက်စုံသုံး King Trac  လယ်ထွန်စက်အမျိုးအစားများ၊ လယ်ထွန်စက်နှင့် တွဲဖက်အသုံးပြုရသော အပိုပစ္စည်းများ ခင်းကျင်းပြသထားရှိမှုတို့ကိုလည်းကောင်း၊ ကားနှင့်ဆက်စပ်ပစ္စည်းများ အရောင်းပြခန်းဖွင့်လှစ်ရောင်းချနေမှုကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။