မြစ်ကြီးနား စက်တင်ဘာ ၁
ကချင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်း (Grade-12) နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများ အောင်ချက်မြင့်မားရေး၊ ဒေသတွင်း အခြေခံစားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများနှင့် တိရစ္ဆာန်အစာများ ပြတ်လပ်မှုမရှိစေရေး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကချင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်း(Grade-12)နှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်း ကျောင်းများ အောင်ချက်မြင့်မားရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ပညာရေးမှူးနှင့် အောင်ချက်မြင့်မားရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကချင်ပြည်နယ်အတွင်း Grade-12 အောင်ချက်မြင့်မားရေးအတွက် အခြေခံပညာကျောင်းများရှိ စာရင်းရှိကျောင်းသား/ ကျောင်းသူဦးရေ ၁၈၀၀၀ ကျော်တို့အား စခန်းသွင်းလေ့ကျင့်သင်ကြားနိုင်ရေးနှင့် ဆရာ၊ ဆရာမများအား မြစ်ကြီးနားတက္ကသိုလ်၊ မိုးညှင်းတက္ကသိုလ်တို့နှင့်ပေါင်းစပ်၍ ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲများ၊ Face to Face ဆွေးနွေးခြင်းများ ဆောင်ရွက်သွားမည့် အခြေအနေများ၊ ခရိုင်အလိုက် အောင်ချက်မြင့်မားရေးအတွက် ကြိုတင်စီမံဆောင်ရွက်သွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ အပြန် အလှန် အကြံပြုသုံးသပ်ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် မွန်းလွဲပိုင်းတွင်လည်း အဆိုပါခန်းမ၌ ဒေသတွင်း အခြေခံစားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများနှင့် တိရစ္ဆာန်အစာများ ပြတ်လပ်မှုမဖြစ်ပေါ်စေရေး ကုန်သွယ်ရေးလုပ်ငန်းများ မြန်ဆန်မှန်ကန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးများ၊ မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေးစခန်းရှိ OSS အဖွဲ့ဝင် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြုလုပ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း အခြေခံစားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများနှင့် တိရစ္ဆာန်အစာများ ပြတ်လပ်မှုမဖြစ်ပေါ်စေရေး၊ ကုန်သွယ်ရေးလုပ်ငန်းများကို တရားဝင်ဖြစ်စေရေး၊ နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာများ ရရှိစေရေးတို့အတွက် မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေးစခန်းဖွင့်လှစ်ထားရှိပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဝိုင်းမော်တစ်ဖက်ကမ်းမှတစ်ဆင့် တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းများ ဒေသတွင်းသို့ တရားဝင်လမ်းကြောင်းမှ ဝင်ရောက်စေရေး၊ သွင်းကုန်လိုင်စင်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုဆောင်ရွက်ရေး၊ ပြည်သူများအတွက် အခြေခံကျသည့်ကုန်ပစ္စည်းများ တင်သွင်းမှုအပေါ် မြန်ဆန်မှန်ကန်စွာဖြင့် ဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ကုန်သွယ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ခွင့်ပြုဆောင်ရွက်ပေးနေမှု အခြေအနေများ၊ တရားမဝင် ကုန်သွယ်မှုဆိုင်ရာများအပေါ် အရေးယူဆောင် ရွက်မှုများနှင့် သွင်းကုန်များအပေါ် လိုအပ်ချက်များနှင့်အညီ စစ်ဆေးခွင့်ပြုနိုင်ရေး စသည့်တို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က အထူးသဖြင့် ပြည်သူများနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အဓိကကျသည့် ကုန်ပစ္စည်းများကို တရားဝင်လမ်းကြောင်းမှတစ်ဆင့် မှန်ကန်မြန်ဆန်စွာ ခွင့်ပြုဆောင် ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းကလည်း မြစ်ကြီးနားမြို့ ပမ္မတီး(ရွှေအိုက်)ရပ်ကွက်၊ ရွှေအိုက်ကွင်းအတွင်း ဘက်စုံစိုက်ပျိုးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် တောင်သူ ဦးမာယော်၏ခြံသို့သွားရောက်ပြီး ၎င်း၏ခြံဝင်းအတွင်းရှိ ငါးကန်များ၌ ငါးများ မွေးမြူထားရှိမှုအခြေအနေများ၊ ဝက်ခြံ၌ အသားတိုးဝက်များ မွေးမြူထားရှိမှုနှင့် နွားခြံတွင် ဒေသနွားများ မွေးမြူထားရှိမှု အခြေအနေများ၊ ဆောင်းရာသီဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်းအတွက် စီစဉ်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ခြံဝင်းအတွင်း အဆိုပါ ကွင်းအတွင်းရှိ မွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ တွဲဖက်လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် သွင်းအားစုများ၊ တိရစ္ဆာန်အစာ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းနေမှုများကို မေးမြန်းဆွေးနွေးခဲ့ကြပြီး တောင်သူဦးမာယော်အတွက် ဝက်စာအိတ်များကို လည်းကောင်း၊ အဆိုပါ ရပ်ကွက်အတွင်းရှိ စိုက်ပျိုးမြေများအတွင်း မိုးများ၍ရေဝင်ရောက်မှုအပေါ် ရေနှုတ်မြောင်း တူးဖော် နိုင်ရေး ငွေကျပ် ၁၅ သိန်းကို ပေးအပ်ခဲ့ကြောင်း သိရသည်။




