ကချင်ပြည်နယ်ဝန်ကြီးချုပ် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ် ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ပြည်နယ်အဆင့်) ပြိုင်ပွဲဆုချီးမြှင့်ပွဲနှင့် အောင်နိုင်ရေးအလံ ပေးအပ်၊ ပြည်နယ်အတွင်း တည် ဆောက်ရေးလုပ်ငန်းများအတွက် ဆောက်လုပ်ရေးသုံးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး ညှိနှိုင်းဆွေးနွေး၊ “လီဆူ” အမည်အမှန် သတ် မှတ်နိုင်ရေး လီဆူမျိုးနွယ်စုများနှင့်တွေ့ဆုံ

မြစ်ကြီးနား  စက်တင်ဘာ ၁၁
          ကချင်ပြည်နယ်၏(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့် ပြိုင်ပွဲကို မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ စက်တင်ဘာ ၈ ရက်က စတင်ကျင်းပပြုလုပ်ခဲ့ကြပြီး စက်တင်ဘာ ၁၀ ရက် မွန်းလွဲ ၂ နာရီက ဆုချီးမြှင့်ပွဲနှင့် ဗဟိုအဆင့်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။
          အဆိုပါ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ဆုရရှိသည့် အနုပညာရှင် မျိုးဆက်သစ် လူငယ်မောင်မယ်များအနေဖြင့် အစွမ်းထက်လှသော အနုသုခုမပညာရပ်များ စနစ်တကျတတ်ကျွမ်းနားလည်ထားကြသူများဖြစ်သည့်အတွက် အနုပညာဖန်တီးနိုင်စွမ်းကိုအသုံးချပြီး အမျိုးသားယဉ်ကျေးမှုလက္ခဏာများကို အစွမ်းကုန်ထိန်းသိမ်းစောင့်ရှောက်ကာ မြန်မာအမျိုးသားတို့၏ဂုဏ်ကို အစွမ်းကုန်ဖော်ဆောင်ပေးကြရန်လိုကြောင်း တိုက်တွန်းမှာကြား သည်။
          ထို့နောက် ဗဟိုအဆင့်ပြိုင်ပွဲတွင် ပါဝင်သည့် ကချင်ပြည်နယ်၏ “ခခူး” တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအက၊ မြစ်ကြီးနားကဗျာလွတ်အကအဖွဲ့တို့၏ ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး  ပြည်နယ်အဆင့်ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား (၃၈)မျိုး၊ ပြိုင်ပွဲဝင်ဦးရေ (၁၀၇)ဦး၊ အဖွဲ့လိုက် ပြိုင်ပွဲအနေဖြင့် ကဗျာလွတ်အကပြိုင်ပွဲအတွင် အဖွဲ့ (၅)ဖွဲ့တို့ဖြင့် ယှဉ်ပြိုင်စေခဲ့ပြီး ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဝန်ကြီးများက အသက်အရွယ်အလိုက် ဘာသာရပ်အလိုက် ပြိုင်ပွဲအမျိုးအစားအလိုက် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသော ပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆုတံဆိပ်များကို အသီးသီးပေးအပ်ချီးမြှင့်ခြင်း ပြိုင်ပွဲအမျိုးအစားအလိုက် ပထမဆုရသူများ၏ ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
        ဆက်လက်၍ ပြည်နယ်အဆင့်ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ လူမှုရေးဝန်ကြီးက အကဲဖြတ်ဒိုင်အဖွဲ့၊ မှတ်တမ်းတင်ရုံးအဖွဲ့နှင့် အခမ်းအနားမှူးများအား ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
          ထို့‌နောက် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဗဟိုအဆင့်ပြိုင်ပွဲသို့ ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်အဖွဲ့များအား အောင်နိုင်ရေးအလံနှင့် ပံ့ပိုးငွေများပေးအပ်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဗဟိုအဆင့်ပြိုင်ပွဲသို့ အောင်မြင်စွာဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အောင်နိုင်ရေးအလံအား ကော်မတီဥက္ကဋ္ဌထံလည်းကောင်း၊ ကချင်ပြည်နယ်ကိုယ်စားပြုအဖွဲ့ အုပ်ချုပ်သူနှင့် ပြိုင်ပွဲဝင်များ၊ နည်းပြများအတွက် ချီးမြှင့်ငွေကျပ်သိန်း ၁၂၀ အားပေးအပ်ချီးမြှင့်ခဲ့သည်။
          ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မြစ်ကြီးနားတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၇ နာရီခွဲကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်အတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများအတွက် ဆောက်လုပ်ရေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး ပွင့်လင်းရာသီဖြစ်သောကြောင့် ပြည်‌ထောင်စုဘဏ္ဍာ၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့်  တည်ဆောက်လျက်ရှိသော အဆောက်အဦများ၊ လမ်းတံတားများအတွက် ဆောက်လုပ်ရေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး နိုင်ငံတော်အစိုးရထံ တင်ပြနိုင်ရေး၊ လက်ရှိတည်ဆောက်လျက်ရှိသော တက္ကသိုလ်စာကြည့်တိုက်နှင့် Recreation Centre တည်ဆောက်မည့်အပေါ်ဘိလပ်မြေနှင့်  အခြားလိုအပ်ချက်ရှိသည့် အခြေအနေများ၊ ပြည်နယ်အတွင်း ဌာနအလိုက်ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ရမည့်တည်ဆောက်ရေးလုပ်ငန်းများအား စစ်ဆေးကြပ်မတ်၍ လိုအပ်ချက်များကို တွက်ချက်တင်ပြနိုင်ရေး ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ပမ္မတီး (ရွှေအိုက်)ရပ်ကွက်၊ လီဆူရိုးရာယဉ်ကျေးမှုကွင်းအတွင်းရှိ ခန်းမ၌ မြန်မာနိုင်ငံလီဆူစာပေနှင့်ယဉ်ကျေးမှုဗဟို ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်များမှ ဥက္ကဋ္ဌများ၊ လီဆူတိုင်းရင်းသားများနှင့် တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က လီဆူတိုင်းရင်းသားမျိုးနွယ်စု အမည်မှန်သတ်မှတ်နိုင်ရေး၊ နည်းလမ်းတကျဖြင့် တိုင်းရင်းသားအချင်းချင်း ချစ်ခင်စည်းလုံးမှုကို မထိခိုက်စေဘဲ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ အတည်ပြု‌ သတ်မှတ်ပေးနိုင်ရေး တင်ပြဆောင်ရွက်နိုင်ရန်လိုအပ်ပြီး မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ဒေသတွင်း တိုင်းရင်း သားမျိုးနွယ်စုများ၏ အမည်အမှန် သတ်မှတ်နိုင်ရေး ကူညီဆောင်ရွက်ပေးသွားဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်အလိုက် လီဆူစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌများ၊ ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နာယကတို့၏ “လီဆူး” ဟု ခေါ်ဝေါ်အသုံးပြုနေသည့် အမည်အစား အမည်မှန်ဖြစ်သည့် “လီဆူ” ဟု သတ်မှတ်ပေးနိုင်ရေး ဆွေးနွေးတင်ပြမှုများကို ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ဗဟိုကော်မတီအတွက် ငွေကျပ် သိန်း (၂၀) ပေးအပ်ခဲ့ကြောင်းသိရသည်။