အခြေခံနှင့် အဆင့်မြင့် စက်ချုပ်သင်တန်းဆင်းပွဲ၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လော်ဝေါ်မျိုးနွယ်စုများနှင့် တွေ့ဆုံပွဲများသို့တက်ရောက်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကြီးကြပ်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား  စက်တင်ဘာ ၁၀
          လူမှုဝန်ထမ်းဦးစီးဌာန၏ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ပူးပေါင်း၍ ဒေသခံအမျိုးသမီးများ ဝင်ငွေရရှိရေး ဖွင့်လှစ်ပေးခဲ့သော အခြေခံနှင့် အဆင့်မြင့်စက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
          သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမျိုးသမီးများကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အိမ်တွင်းမှုအတတ်ပညာရပ်များမှတစ်ဆင့်  အသေးစားလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရေး ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းပြောကြားပြီး ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်နန်ဆိုင်းတို့က သင်တန်းတွင် ပထဆုနှင့် ဒုတိယဆုရ သင်တန်းသူအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်း ကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများက သင်တန်းနည်းပြများအတွက် ချီးမြှင့်ငွေများနှင့် သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များကို အသီးသီးပေးအပ်ခဲ့ကြရာ သင်တန်းသူများကိုယ်စား ပထမဆုရသင်တန်းသူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသူများ၏ သင်တန်းမှ လက်တွေ့သင်ကြားထားသည့် အထည်ချုပ်ပညာရပ်များနှင့် အသင့်ချုပ်ထားသော အမျိုးသမီး ဝတ်စုံများနှင့် အဝတ်အထည်များ ပြသထားရှိမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
          ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ အောက်တိုဘာ ၁ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်နိုင်ရေးအတွက် ကျင်းပရေးကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး အမှာစကားပြောကြားသည်။
          ထို့နောက် ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းအောင်က အခမ်းအနားတွင် သက်ကြီးပုဂ္ဂိုလ်များအတွက် ကျင်းပဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆပ်ကော်မတီအလိုက်၊ သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် လိုအပ်သည်များကို အသီးသီးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ကဏ္ဍအလိုက် အောင်မြင်စွာကျင်းပနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
          ထို့မှတစ်ဆင့် ဝိုင်းမော်မြို့၊ အမှတ်(၁)ရပ်ကွက်၊ လော်ဝေါ်ယဉ်ကျေးမှုကွင်းအတွင်းရှိ ဒူဝါကြီး လော်ဝါးဇောင်းခေါင် အောက်မေ့ဖွယ်ဗိမ္မာန်၌ မြစ်ကြီးနား၊ ဝိုင်းမော်၊ ချီဖွေ၊ ဆော့လော်မြို့နယ်များမှ လော်ဝေါ်တိုင်းရင်းသားမျိုးနွယ်စုများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်သည်။
          အဆိုပါ အခမ်းအနားတွင် လော်ဝေါ်စာပေနှင့် ရိုးရာယဉ်ကျေးမှု ဥက္ကဋ္ဌ ဦးလမောင်ဂျုံးဒိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် လော်ဝေါ်မျိုးနွယ်စုများအပေါ် လူမျိုးအမည် လော်ဝေါ်အစား အမည်မှားများဖြစ်သည့် “လော်ဂေါ် နှင့် မရူ” ဟူသော အခေါ်အဝေါ်၊ အသုံးအနှုန်းနှင့် ရေးသားဖော်ပြနေကြခြင်းအား ပယ်ဖျက်နိုင်ရေး နိုင်ငံတော်အကြီးအကဲများထံ တင်ပြဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က “လော်ဝေါ်” အစား အမည်မှားများ သုံးနှုန်းခေါ်ဝေါ်ခြင်း မရှိစေရေး “လော်ဝေါ်” အမည် တစ်ခုတည်းသာ သတ်မှတ်သုံးစွဲခေါ်ဆိုနိုင်ရေးအတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေရေး၊ အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း၊ သို့မှသာ မိမိတို့မျိုးနွယ်စုအမည်မှန်ကို ခေါ်ဝေါ်သုံးစွဲကြမည်ဖြစ်ပြီး နိုင်ငံတော်ကလည်း တိုင်းရင်းသားများ၏ အခွင့်အရေးနှင့်အညီ အတည်ပြုသတ်မှတ်ဆောင်ရွက်ပေးမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် လော်ဝေါ်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ နာယက ဦးဘီထောဇောင်းက မျိုးနွယ်စုအမည်မှားဖြစ်သည့် အခြားအမည်များ ခေါ်ဝေါ်သုံးစွဲလာမှုအပေါ် အများသဘောတူ ထောက်ခံမှုဖြင့် ဆောင်ရွက်ခဲ့ရသည့် အခြေအနေများ၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ချီဖွေ၊ ဆော့လော်မြို့နယ်များမှ လော်ဝေါ်မျိုးနွယ်စု ကိုယ်စားလှယ်များကလည်း မျိုးနွယ်စုအမည်မှန်ကန်စွာ ရေးသားခေါ်ဝေါ်နိုင်ရေး ကြိုးပမ်းမှုအပေါ်ကြိုဆိုကြောင်း ထောက်ပံ့ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာ စကားပြောကြားခဲ့သည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေပိုင်းကလည်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးမွေးမြူရေး၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေ‌ရေး နိုင်ငံ့စီးပွးမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစီမံကိန်းများအား ပြည်နယ်အဆင့် ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ခရိုင်ကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထိုသို့ ဆွေးနွေးရာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ပထမ၊ ဒုတိယနှစ်၊ တတိယနှစ် စက်ဝန်းများအတွက် ချေးငွေများ ရင်းနှီးမတည်ပေးခြင်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းယူနစ်များမှ အရင်း/ အတိုးရရှိမှုအပေါ် ပြည်နယ်ကော်မတီက စီမံခန့်ခွဲမှုအ‌ပေါ် မတည်ငွေကျပ်(၈)ဘီလီယံမှ (၁၀) ဘီလီယံအထိ တိုးတက်လာခဲ့သည့် အ‌ခြေအနေများ၊ (၂)ဘီလီယံ ထပ်မံခွဲဝေချထားပေးမှုအ‌ပေါ် ထပ်မံရင်းနှီးမတည်ပေးသွားမည့် အစီအစဉ်များနှင့် စီမံကိန်းလုပ်ငန်းယူနစ် အ‌ဟောင်းများထဲမှ ထပ်တိုးတောင်းခံတင်ပြလာမှုများ၊ မြို့နယ်များအလိုက် တင်ပြတောင်းခံလာသော လုပ်ငန်းစီမံကိန်းယူနစ်အသစ်များကို လက်စွဲစာအုပ်ပါ လုပ်ထုံးလုပ်နည်းနှင့်အညီ ထပ်မံချထားပေးနိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။