မြစ်ကြီးနား အောက်တိုဘာ ၂
တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့ကို အောက်တိုဘာ ၂ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေးနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံက စတုတ္ထပုံမှန်အစည်းအဝေး ဒုတိယနေ့ အစီအစဉ်များကိုကြေညာပြီး အစည်းအဝေးမတက်ရောက်နိုင်သောပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များကခွင့်ပန်ကြားခြင်းနှင့်လွှတ်တော်၏အဆုံးအဖြတ်ကိုရယူကာ အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်း ကြေညာသည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူ့အကျိုးပြု လူမှုရေးရာဝန်ကြီးဌာနဆိုင်ရာ မေးခွန်း (၂)ခု၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနဆိုင်ရာမေးခွန်း (၄)ခု၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဆိုင်ရာမေးခွန်း (၁)ခု၊ စည်ပင်သာယာရေးဝန်ကြီးဌာနဆိုင်ရာမေးခွန်း (၁)ခု၊ စုစုပေါင်းမေးခွန်း (၈)ခုကို မေးမြန်းကြရာ သက်ဆိုင်ရာ ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များက မေးခွန်းများကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
ထို့နောက် အစည်းအဝေးပထမနေ့တွင်တင်သွင်းခဲ့သော မိုးကောင်းမြို့နယ်မဲဆန္ဒနယ်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးနေလင်းစိုးက မြစ်ကြီးနားလေဆိပ်(ရန်ကုန်-မန္တလေး-မြစ်ကြီးနား-ပူတာအို) ခရီးသည်တင်လေယာဉ်ပြေးဆွဲမှု အကြိမ်ရေများ တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရေးနှင့် ပြည်သူများ လေယာဉ်လက်မှတ် အလွယ်တကူဝယ်ယူနိုင်ရေးတို့ကို စနစ်တကျစီမံဆောင်ရွက်ပေးရန် ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့တိုက်တွန်းကြောင်း အဆိုအား လွှတ်တော်ကိုယ်စားလှယ် (၄) ဦးက ထောက်ခံဆွေးနွေးခဲ့ရာ ယင်းဆိုနှင့်စပ်လျဥ်း၍ လျှပ်စစ်၊စွမ်းအင်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး လွှတ်တော်၏အဆုံးအဖြတ်ကို ရယူကာ ယင်းအဆိုအား လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် တင်သွင်းခဲ့သော ကချင်ပြည်နယ်သတ္တုအသေးစားနှင့် လက်လုပ်လက်စားလုပ်ငန်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း တင်သွင်းသူမရှိပါသဖြင့် အဆိုပါဥပဒေကြမ်းအား လွှတ်တော်၏ သဘောတူညီချက်ကို ရယူပြီး အတည်ပြုဆုံးဖြတ်ကြောင်း ကြေညာကာ တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ရပ်နားလိုက်ကြောင်း သိရသည်။
